နေပြည်တော် ဇန်နဝါရီ ၁၈
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (သန်လျင်) တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရေနံချောင်းတက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဌာနမှူးနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ၊ ဆရာ/ ဆရာမများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်း/ ကုမ္ပဏီများမှ ပညာရှင်များအား ယနေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း “2025, the Year of Myanmar Energy” ဆောင်ပုဒ်နှင့်အညီ စွမ်းအင်ကဏ္ဍ ခေတ်တစ်ခေတ် ဆန်းသစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးဆက်သစ်ဘူမိဗေဒ ပညာရှင်များ၊ ရေနံအင်ဂျင်နီယာများအပါအဝင် စက်မှု၊ ဓာတုအင်ဂျင်နီယာများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် Stakeholder များမှ ဝိုင်းဝန်းပံ့ပိုး အားပေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဘာသာရပ်အလိုက် ကျောင်းသူ/ ကျောင်းသားများအား Scholar ship ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနပူးပေါင်း၍ ရေနံချောင်းတက္ကသိုလ်၌ ရေနံဘူမိဗေဒဘာသာရပ်ကို ၄ နှစ် ဘွဲ့သင်တန်းအဖြစ် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှ စတင်၍ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘွဲ့များရရှိပြီးချိန်တွင် မိမိတို့ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လိုပါက လက်ခံခန့်ထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ဘူမိဗေဒဘာသာရပ်၊ ရေနံအင်ဂျင်နီယာဘာသာရပ်၊ ဓာတုအင်ဂျင်နီယာဘာသာရပ်နှင့် စက်မှုအင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်ကြားမှု အခြေအနေ၊ လိုအပ်ချက်များနှင့် ပံ့ပိုးဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကိုလည်းကောင်း၊ လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ဗဟုသုတများအပေါ် အခြေခံကာ ပိုမိုကောင်းမွန်သော သင်ကြားရေးစနစ်ဖြစ်စေရေး အကြုံပြုချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ရှိ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းကျောင်း ဖွင့်လှစ်ပြီးပါက တက္ကသိုလ်များမှ ဆရာ/ ဆရာမများကို Tranning For Trannier အစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Stakeholder များပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အရေးအကြီးဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍတွင် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ပေးစေကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


