နေပြည်တော် ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code) အကောင်အထည်ဖော်ရေး ဦးစီးကော်မတီအစည်းအဝေး (၁/၂၀၁၅) ကို ယနေ့တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ရုံး Conference Room ၌ ကျင်းပ ပြုလုပ်သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာ ကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ ရေးဆွဲပြုစုရေးဆပ်ကော်မတီနှင့် အထပ်မြင့်နှင့် အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိ သူများနှင့် ပညာရှင်များ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများ၊ အသင်းအဖွဲ့များနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ (MNBC) ကို ၂၀၂၀ ပြည့်နှစ်တွင် နောက်ဆုံးပြင်ဆင် အတည်ပြုထားသည်ဖြစ်၍ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး အတွက် (MNBC–2020)ကို လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်၍ MNBC-2025 အဖြစ် အတည်ပြု ထုတ်ဝေလိုကြောင်း၊ ယခုအစည်းအဝေးတွင် နယ်ပယ်အလိုက် ပညာရှင်များမှ ဘက်စုံထောင့်စုံမှ ပါဝင်ဆွေးနွေး ပေးစေလိုကြောင်း၊ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ ရေးဆွဲပြုစုရေး ဆပ်ကော်မတီကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်က ဦးဆောင်၍ သက်ဆိုင်ရာ Technical Working Group အဖွဲ့ခေါင်းဆောင်များ၊ ဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး ပြုစုရေးဆွဲရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ MNBC-2025 အား ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖြန့်ဝေနိုင်ရေး ဆောင်ရွက်ရန်နှင့် ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် အသုံးချနိုင်ရန် ရည်ရွယ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌ ဦးဝင်းဇော်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ ရေးဆွဲပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးညွန့်မောင်စန်းတို့က လုပ်ငန်းနယ်ပယ်အလိုက် တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ နည်းပညာများ၊ လိုအပ်ချက်များ ပြင်ဆင်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု၊ ရေးဆွဲပြုစုရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒေါက်တာ ဉာဏ်မြင့်ကျော်နှင့် ဦးစောထွေးဇော်တို့က အဆောက်အအုံများ၏ အရေးပါမှုအပေါ် Hazard Level ခွဲခြားသတ်မှတ်ခြင်း၊ အဆောက်အဦအမျိုးအစားအလိုက် ငလျင် သတ်မှတ်ချက် Risk Level နှင့် Importance Factor ခွဲခြားခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
သတင်းစဉ်


