နေပြည်တော် ဇန်နဝါရီ ၁၉

 

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ အသုံးချသုတေသနဌာနသို့ သွားရောက်ကြည်ရှုသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အသုံးချသုတေသနဌာန အစည်းအဝေးခန်းမ၌ သုတေသနဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်စမ်းသပ်ရာတွင် အရေးကြီးဆုံး ဖြစ်သည့် အရည်အသွေးမှန်ကန်သည့် အဖြေများရရှိရန် သုတေသနနှင့်ဓာတ်ခွဲခန်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာန၏ရည်မှန်းချက်ဖြစ်သော “2025, the Year of Myanmar Energy” ဆောင်ပုဒ်နှင့်အညီ ယခုနှစ်အတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်သည့် အနည်ကျ ချိုင့်ဝှမ်းနှင့် ရေနံမြေသစ်များ ရှာဖွေတွေ့ရှိနိုင်ရန် ကွင်းဆင်းလေ့လာသုတေသနပြုနိုင်ရေး သက်ဆိုင်ရာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ တက္ကသိုလ်များနှင့်ချိတ်ဆက်ပြီး Project Base သုတေသန ကျမ်းများ ထွက်ပေါ်လာရေး ဆောင်ရွက်ရန်နှင့် ယင်းမှတစ်ဆင့် Apply Research အဆင့်အထိ ရောက်အောင် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ ပျက်ဆီးဆုံးရှုံးမှု မရှိစေရေး စနစ်တကျတန်ဖိုးထား ကိုင်တွယ်ကြရန်၊ ဓာတ်ခွဲသုတေသနဆောင်ရွက်မှုနှင့် ပတ်သက်၍ မျိုးဆက်သစ်ဝန်ထမ်းများကို လက်ဆင့်ကမ်း လေ့ကျင့်သင်ကြားပေးရန်နှင့် နည်းပညာများမျှဝေပေးရန် လိုအပ်ကြောင်း၊ တိုးတက်နေသော နည်းပညာများကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာထားရန် နှင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများအား လူမှုရေးတာဝန် သိမှု (CSR) အစီအစဉ်ဖြင့် တာဝန်ရှိသူများမှ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အသုံးချသုတေသနဌာနအတွင်း ဓာတ်ခွဲစမ်းသပ် ဆောင်ရွက်နေမှု၊ လုပ်သားစာကြည့်တိုက်နှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်