နေပြည်တော် ဇန်နဝါရီ ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ပြည်မြို့နယ်၊ ဝန်တင်ဆိပ် ကျေးရွာအနီးရှိ ချည်မျှင်ရှည်ဝါအထူးဇုန်စိုက်ခင်းတွင် ရေစီးအားသုံး ရေတင်ဒလက်ဖြင့် ရေပေးဝေနေမှုကို လည်းကောင်း၊ ကံစုကျေးရွာအနီးရှိ ချည်မျှင်ရှည်ဝါအထူးဇုန် ဧက (၇၀၀) အောင်မြင် ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ မြောက်နဝင်း ဆည်ရေသောက်စနစ်အတွင်း နတ်တလင်းကျေးရွာအနီး နွေစပါး တိုးချဲ့စိုက်ပျိုးမည့်နေရာနှင့် ပြည်မြို့နယ်ငါးရွာအုပ်စုရှိ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းနေကြာ ရုရှားမျိုး (၉)မျိုး ပါဝင်သည့် မျိုးပေါင်း (၁၂)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဝါသီးနှံသည် ဖြည့်စွက်ရေပေးဝေပါက ပိုမိုအထွက်ကောင်းသည့် အတွက် ဆည်ရေသောက် ဧရိယာများအတွင်း ဖြည့်စွက်ရေပေးဝေနိုင်ရေး၊ ဆည်ရေသောက်ဧရိယာများ နှင့် ကပ်လျှက်ရှိသော ဝါစိုက်ခင်းများကိုလည်း ဖြည့်စွက်ရေ တိုးချဲ့ပေးဝေနိုင်ရေး၊ သဘာဝချောင်းမြောင်းများမှ ရေတင်ပေးဝေနိုင်ရေး၊ ရေရရှိရေးနည်းလမ်းပေါင်းစုံဖြင့် စီမံဆောင်ရွက်ကြရေးနှင့် အထွက်နှုန်းကောင်း၍ မျိုးကောင်းမျိုးသန့်ဖြစ်သည့် အောင်နိုင်တိုး စပါးမျိုးများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုစိုက်ပျိုးရေးဆွေးနွေးပြောကြားပြီး ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် သာယာဝတီခရိုင် သုံးဆယ်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ် တာဝန်ခံများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက သာယာဝတီ ခရိုင်အတွင်းရှိ လက်ရှိစိုက်ပျိုးရေ ပေးဝေလျှက်ရှိသည့် ဆည်ရေသောက်စနစ်အတွင်း ယခုနှစ်နွေစပါးနှင့် အခြားသီးနှံ လျာထားစိုက်ဧကများ ပြည့်မီအောင် စိုက်ပျိုးရေပေးဝေရန်၊ စိုက်ပျိုးရေ ပေးဝေရာတွင် အလေ့အလွင့်နည်းပါးစွာဖြင့် စနစ်တကျအကျိုးရှိစွာ ချွေတာအသုံးပြုနိုင်ရေးအတွက် တူးမြောင်းများနှင့် တူးမြောင်းအဆောက်အအုံများကို ပြုပြင်မွန်းမံ ထိန်းသိမ်းကြရန်နှင့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


