မြင့်မောင်(Phil-Q)

 

ယနေ့ခေတ် ဒစ်ဂျစ်တယ်အခင်းအကျင်း ပြောင်းလဲဖြစ်ပေါ်မှုက မြန်ဆန်သည်။ MSMEs ခေါ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးတွင် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုက မလွှဲမရှောင်သာအောင် လိုအပ်လာ၏။ ဒစ်ဂျစ်တယ်နည်းပညာပြောင်းလဲလာမှုက ခေတ်လူတို့၏ နေပုံထိုင်ပုံ၊ အလုပ်လုပ်ပုံနှင့် လုပ်ငန်းဆောင်ရွက်ပုံတို့တွင် ကစားကွက်များ ပြောင်းလဲလာစေ၏။ ဒစ်ဂျစ်တယ်နည်းပညာ က MSMEs များ လုပ်ငန်းတိုးတက်ရေး၊ တိုးချဲ့ရေးအတွက် ကြီးမားသောအခွင့်အလမ်းများပေးနေသည်။ သို့သော် စစ်မှန်သည့်ကျွမ်းကျင်မှု၊ အသိပညာတို့ဖြင့် ကျော်လွှားရမည့်စိန်ခေါ်မှုများလည်းရှိနေ၏။ ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ MSMEs များအတွက် ဒစ်ဂျစ်တယ်နည်းပညာ ဘာကြောင့်အရေးကြီးသည်၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးကို လက်ကမ်းကြိုဆိုခြင်းဖြင့် အကျိုးကျေးဇူးမည်သို့ရနိုင်သည်ကို တွေးဆနိုင်ရန် ဖြစ်သည်။

 

MSMEs များအပေါ်သက်ရောက်မှု

စတုတ္ထမြောက်စက်မှုတော်လှန်ရေး ပေါ်ထွန်းလာမှုက စီးပွားရေးကဏ္ဍကြီးတစ်ရပ်လုံး လျင်မြန်လှသည့် ဒစ်ဂျစ်တယ်အသုံးချမှု ဖြစ်စဉ်ကြီးကို ဆောင်ကြဉ်းလာ၏။ အဆိုပါဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုသည် MSMEs များအတွက် ဝင်ပေါက်သစ်များပွင့်လာစေ သည်။ ယခင်က စိတ်ပင်မကူးရဲသည့် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ခွင့်များ လက်တစ်ကမ်းသို့ ရောက်လာ၏။ စီးပွားရေးကစားကွင်း၌ လုပ်ငန်းကြီးများနှင့် တစ်ပြေးညီ ကစားနိုင်စွမ်းရှိလာစေသည်။

 

သို့သော် MSMEs လုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာ လက်တွေ့အသုံးချနိုင်စွမ်းမရှိလျှင် လုပ်ငန်းတိုးတက်ကြီးပွားရေးအတွက် အခွင့်အလမ်းအလားအလာများ လက်လွှတ်ရကာ လုံးပါးပါးသွားမည့် အခြေအနေမျိုးသို့ ဆိုက်ရောက်သွားလိမ့်မည်ဟု လေ့လာသူများကဆိုကြ၏။

 

MSMEs အောင်မြင်မှုအတွက် ဒစ်ဂျစ်တယ်နည်းပညာ

ယနေ့ ဒစ်ဂျစ်တယ်စီးပွားရေးခေတ်ကြီးတွင် MSMEs လုပ်ငန်းများ ရှင်သန်နိုင်စွမ်းရှိရေးအတွက်ဆိုလျှင် လိုအပ်ချက်ဖြစ်သော ဒစ်ဂျစ်တယ်နည်းပညာပိုင်း ကျွမ်းကျင်လာစေရေးနှင့်ပတ်သက်၍ မိမိတို့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးက ပိုမိုအရေးကြီးသည်။

 

MSMEs လုပ်ငန်းများ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု ရှိလာရေးနှင့်ပတ်သက်သည့် အစီရင်ခံစာတစ်ရပ်တွင် MSMEs များ ဒစ်ဂျစ်တယ်နည်းပညာ ထဲထဲဝင်ဝင် အသုံးပြုလိုစိတ်များရှိလာရေး အတွက် လက်တွေ့ကျသော၊ သက်ဆိုင်သောအဆိုပြုချက်များ၊ ဥစ္စာ ရင်လို ဥစ္စာရင်ခဲ အားထုတ်လိုစိတ်များဖြစ်ပေါ်စေမည့် အဆိုပြုချက် များလိုအပ်သည်ဟု မီးမောင်းထိုးပြထားသည်။

 

ထိုလိုအပ်ချက်နှင့် အံဝင်ခွင်ကျရေးဆွဲထားသည့် သင်တန်းများပေးခြင်း၊ လက်တွေ့ကျသည့်စီမံချက်များဖြင့် ကနဦးပံ့ပိုးပေးခြင်းတို့ဖြင့် အတားအဆီးများကျော်လွှားကာ ဒစ်ဂျစ်တယ်နည်းပညာနယ်ပယ်အတွင်းသို့ အင်ပြည့် အားပြည့် ဝင်ရောက်နိုင်မည်ဖြစ်၏။

 

ကျွမ်းကျင်မှုကွာဟချက်နှင့် အကောင်းဆုံးအလေ့အကျင့်

သုတေသနတစ်ခု ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခြင်း၊ လုပ်ငန်းလုပ်ကိုင်နေသူများနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့မှ ရရှိလာသည့် အဖိုးတန်အသိအမြင်တို့ဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး၌ MSMEs များ ယှဉ်ပြိုင်နိုင်ရေးနှင့် ကြီးပွားတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ဖော်ထုတ်ရရှိခဲ့၏။ အေအိုင်၊ ကလောက်ဒ်၊ ဆိုက်ဘာလုံခြုံရေးနှင့် ဒေတာသိပ္ပံကဲ့သို့သော နည်းပညာပိုင်း တတ်ကျွမ်းနားလည်မှုသည် တစ်ဟုန်ထိုး တိုးတက်လာနေသည့် အလုပ်ကမ္ဘာကြီးတွင် လုပ်ငန်းများ စနစ်တကျလည်ပတ်ရေးအတွက် အရေးပါ အရာရောက်သည်။

 

သို့သော် လက်ရှိကျွမ်းကျင်မှုများနှင့် နည်းပညာဆိုင်ရာ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတို့အကြား ကွာဟချက် ကြီးမားနေသည်ဆို၏။ ယနေ့လုပ်ငန်းခွင်များတွင် ဒစ်ဂျစ်တယ်ပိုင်းကျွမ်းကျင်မှု ပို၍လိုအပ်လာသလို ဒစ်ဂျစ်တယ်မဟုတ်သော ကျွမ်းကျင်မှုများလည်း လိုအပ်ချက်ကကြီးမားသည်။ ဒစ်ဂျစ်တယ်မဟုတ်သော ကျွမ်းကျင်မှုများဟူသည် ခေါင်းဆောင်မှု၊ တီထွင်ဖန်တီးမှု၊ စိတ်ခံစားချက် ထိန်းချုပ်မှု၊ ပြဿနာဖြေရှင်းမှု၊ ခွဲခြမ်းစိတ်ဖြာစဉ်းစားမှု၊ လိုက်လျောညီထွေကျင့်သုံးနိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးတို့ ဖြစ်ပြီး ယင်းတို့ကို Non-digital skills သို့မဟုတ် Transversal skills ဟု သုံးနှုန်း၏။

 

ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု မဖြစ်မနေလိုအပ်သည်ဆိုပြီး ထိုအပိုင်း ကချည်း ဖိမလုပ်ဘဲ ဒစ်ဂျစ်တယ်မဟုတ်သော ကျွမ်းကျင်မှုအတွက်လည်း အာရုံစိုက်ပေးရန်လိုမည်။ တစ်ဖက်ကလည်း ဒစ်ဂျစ်တယ် ကျွမ်းကျင် အလုပ်အင်အားစုများ ပျိုးထောင်မွေးထုတ်ပေးရန်လိုသကဲ့သို့ ထိုကျွမ်းကျင်မှုနှစ်မျိုးကြား ကွာဟချက်ကို ပေါင်းကူးပေးရန် သင်တန်းများနှင့် အရည်အသွေးမြှင့်တင်ရေးတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်ရန် လိုမည်ဖြစ်၏။

 

အကျိုးကျေးဇူးများ

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို မောင်းနှင်ပေးမည့် ရင်းမြစ်စွမ်းအားစုများအတွက် အခက်အခဲအချို့ ရှိနိုင်သော်လည်း ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်ပိုင်နိုင်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးကမူ ထိုနည်းပညာအတွက် ကောင်းကောင်းကြီး ရင်းနှီးမြှုပ်နှံထိုက်သည်။ ဒစ်ဂျစ်တယ်အသွင်းကူးပြောင်းမှုသည် MSMEs လုပ်ငန်းများကို အခြေခံကျကျ ပြုပြင်ပြောင်းလဲနိုင်မည်။ ဒစ်ဂျစ်တယ်နည်းပညာ မြင့်မားသည့် MSMEs သည် ပွင့်လင်းမြင်သာမှု၊ စီမံခန့်ခွဲရေးဆိုင်ရာ အဆုံးအဖြတ်များအပေါ် သဘောတူလက်ခံသည့်နှုန်းထား မြင့်မားသည်ဆို၏။

 

ထို့အပြင် ဒစ်ဂျစ်တယ်နည်းပညာမြင့်မားသည့် လုပ်ငန်းများမှ အလုပ်သမားများသည် ယင်းတို့၏ အနာဂတ် အလုပ်အကိုင်အတွက် ပို၍အကောင်းမြင်ကြောင်းလည်း လေ့လာတွေ့ရှိရ၏။ ဒစ်ဂျစ်တယ်ပိုင်း ကျွမ်းကျင်မှုသည် အလုပ်သမားများ၏ တစ်ဦးချင်းလုပ်နိုင်စွမ်း မြင့်တက်လာစေသလို MSMEs လုပ်ငန်းများ၏ အလုံးစုံယှဉ်ပြိုင်နိုင်စွမ်းအတွက်လည်း များစွာအထောက်အကူဖြစ်စေသည်။

 

ဒစ်ဂျစ်တယ်နည်းပညာပိုင်းကို အရှိန်မြှင့်ခြင်းဖြင့် စီးပွားရေး လုပ်ငန်းများတွင် မိမိတို့၏ လုပ်ငန်းလည်ပတ်မှုကို သွက်လက်မြန်ဆန် စေသည်။ ရင်းမြစ်စွမ်းအားစုကို အကျိုးအရှိဆုံး အသုံးချကာ အမြင့်ဆုံးထုတ်လုပ်မှုစွမ်းအား ရရှိစေနိုင်သည်။ ဖောက်သည်များ အပေါ် ပို၍အာရုံစိုက်လာနိုင်သည်။ သာဓကအားဖြင့် ဈေးကွက် ရှာဖွေရေးတွင် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုခြင်းဖြင့် မိမိ၏ရည်စူးဖောက်သည်များနှင့် ပို၍ထိတွေ့နိုင်စွမ်းရှိစေသည်။ အချက်အလက် သရုပ်ခွဲကျွမ်းကျင်မှုသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ရေရှည်ဆက်စပ်လွှမ်းခြုံသည့် လုပ်ငန်း အောင်မြင်ရေး ရည်မှန်းချက် များချမှတ်ရာ၌ အဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများရရှိစေ၏။

 

အတားအဆီးများကျော်လွှားခြင်းနှင့် လက်ကမ်းကြိုဆိုခြင်း

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အပြည့်အဝ လက်ခံအသုံးပြုရန်အတွက် MSMEs များသည် ဒစ်ဂျစ်တယ် နည်းပညာရယူအသုံးချရေး အဟန့်အတားများကို ကျော်လွှားရန်လိုအပ်သည်။ ဒစ်ဂျစ်တယ်ပညာ တကယ်တတ်ကျွမ်းသည့် အလုပ်သမားများမရှိခြင်းက များစွာ သောလုပ်ငန်းများအတွက် ကြီးမားသော အတားအဆီးတစ်ခုဖြစ်၏။ ဥရောပနိုင်ငံများ၌ပင် အခြေခံဒစ်ဂျစ်တယ်နည်းပညာပိုင်း ကျွမ်းကျင်မှု တွင် အားနည်းမှုရှိနေသည်ဟု ၎င်းတို့ဆီမှ လေ့လာသူများကဆိုသည်။ ထိုအချက်က အလုပ်အင်အားစုများအတွင်း ထိုနည်းပညာပိုင်း ကျွမ်းကျင်မှုမြှင့်တင်ရန် အရေးတကြီးလိုအပ်နေကြောင်း မီးမောင်း ထိုးပြနေခြင်းဖြစ်သည်ဟုလည်း ဆို၏။

 

MSMEs များသည် ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုရေးကို မြန်နိုင်သမျှ မြန်မြန်စတင်သင့်သည်။ ယနေ့ ဒစ်ဂျစ်တယ်ကမ္ဘာကြီးတွင် မိမိလုပ်ငန်းရှင်သန်အောင်မြင်ရေးအတွက် မဖြစ်မနေလိုအပ်သော နည်းပညာဖြစ်၏။ ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုကို ယုံကြည်မှုရှိရှိဖြင့်လုပ်ရမည်။ သို့မှသာ MSMEs များ သည် အခွင့်အလမ်းသစ်များရယူခြင်းဆိုသည့် ရွှေတံခါးကိုဖွင့်နိုင်မည်။ ယှဉ်ပြိုင်မှုများ အောင်မြင်နိုင်မည်။ မိမိလုပ်ငန်းကို ရှေ့သို့လှမ်းချီနိုင် မည်ဖြစ်သည်။

 

ဒစ်ဂျစ်တယ်နည်းပညာပိုင်း ကျွမ်းကျင်မှုတည်ဆောက်ရာ၌ အတားအဆီးများကိုကျော်လွှားရန် MSMEs များသည် သင့်တော်သော လေ့ကျင့်သင်ကြားရေးအစီအစဉ်များ ရေးဆွဲသင်ကြားရန်လိုအပ်သည်။ သို့မှသာ လုပ်ငန်းထိရောက်မှုနှင့် ထုတ်လုပ်မှုစွမ်းအားမြင့်တက်မည်။ ရှေ့မှဦးဆောင်ယှဉ်ပြိုင်နိုင်မည်။ ဒစ်ဂျစ်တယ် စီးပွားရေးတွင် ရေရှည်အောင်မြင်စွာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။

 

အနှစ်ချုပ်ဆိုရလျှင် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုသည် ဒစ်ဂျစ်တယ်ခေတ်တွင် MSMEs များ ရှင်သန် ကြီးထွားရေးအတွက် လုပ်ကိုလုပ်ရမည့်နည်းပညာဖြစ်၏။ ဒစ်ဂျစ်တယ်နည်းပညာအသုံးချရေးကို မြန်နိုင်သမျှမြန်မြန် စတင်လိုက်ခြင်းက အကောင်းဆုံးဖြစ်ပါ ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

 

Source: Internet