ကျိုင်းတုံ ဇန်နဝါရီ ၂၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရှိ မိုင်းလပ်၊ မိုင်းဇင်း၊ ကတ်ထိုက်၊ လွယ်လုံ၊ ကတ်ဖစသည့် ကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ပန်းဂေါ်ဖီကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ပန်းဂေါ်ဖီကို ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

 

ပန်းဂေါ်ဖီကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ထွက်ပေါ်ကြောင်း၊ ပန်းဂေါ်ဖီစိုက်ပျိုးရာတွင် မြေကိုထွန်ယက်၍ ပေါင်ခတ်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ ထွန်ယက်ခ၊ သယ်ယူပို့ဆောင်ခ၊ သွင်းအားစုနှင့် လုပ်အားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၉ သိန်းခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသော ပန်းဂေါ်ဖီများကို ကျိုင်းတုံ မြို့မဈေး၊ ယန်းခန်းဈေး၊ နောင်ကွမ်ဈေးတို့သို့ တင်ပို့ရောင်းချကြကြောင်း ပန်းဂေါ်ဖီစိုက် တောင်သူများထံမှသိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း