ဂါဇာ ဇန်နဝါရီ ၂၀

 

အစ္စရေးနှင့် ဟားမားစ်တို့အကြား အပစ်အခတ်ရပ်စဲရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဇန်နဝါရီ ၁၉ ရက်တွင် အစ္စလာမ္မစ်အဖွဲ့ ဟားမားစ်က အစ္စရေးအမျိုးသမီး ဓားစာခံသုံးဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း အစ္စရေးက ပြောသည်။

 

ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဂါဇာကမ်းမြောင်၌ ရက်သတ္တ ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို စတင်ခဲ့ကြောင်းသိရသည်။ ဟားမားစ်အဖွဲ့သည် ဂါဇာကမ်းမြောင်တွင် ဖမ်းဆီးထားသည့် ဓားစာခံ ၁၀၀ ခန့်အနက် ၃၃ ဦးကို ပြန်လွှတ်ပေးသွားဖွယ်ရှိသည်။

 

သဘောတူညီချက်အရ ပထမဆုံးဓားစာခံ သုံးဦးကို နိုင်ငံတကာကြက်ခြေနီကော်မတီထံ လွှဲပြောင်း ပေးခဲ့ကြောင်း အစ္စရေးတပ်မတော်က ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဓားစာခံသုံးဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း အစ္စရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဒေသမီဒီယာများ၏ ဖော်ပြချက်အရ ဟားမားစ်အဖွဲ့သည် သဘောတူညီချက်အရ သီတင်းတစ်ပတ်စီတိုင်း ဓားစာခံများကို လွှတ်ပေးသွားဖွယ်ရှိကြောင်းသိရသည်။ ပစ်ခတ်ရပ်စဲမှု ကာလအတွင်း အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသားများ လွှတ်ပေးရန်နှင့် လူနေထူထပ်သော နေရာဒေသများမှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းသွားရန် စီစဉ်ထားသည်။

 

နှစ်ဖက်သက်ဆိုင်ရာ အဖွဲ့အစည်းများသည် ဒုတိယနှင့် တတိယအဆင့်ဆွေးနွေးပွဲများ၌ ဂါဇာကမ်းမြောင်တွင် အမြဲတမ်းအပစ်အခတ် ရပ်စဲရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် သဘောတူညီမှုရရှိရန် ဆွေးနွေးပွဲများကို အဆိုပါကာလအတွင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ