မကွေး ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှဖွင့်လှစ်သည့် တိုင်းအဆင့်ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်က မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ မကွေးလေတပ် စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဥပဒေချုပ်၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေအရာရှိများ၊ သင်တန်းသား အရာထမ်းများ တက်ရောက်သည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများအား သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည် ကျင့်သုံးဆောင်ရွက်နိုင်ရေး၊ ဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားအားလုံး လေးစားလိုက်နာရန်အတွက် ယခုကဲ့သို့ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွားရေးသည် ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးတို့အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အပြင် နိုင်ငံတော်၏ ရည်မှန်းချက်၊ အုပ်ချုပ်ရေးယန္တရားများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ လုပ်ငန်းစွမ်းဆောင်ရည်၊ ကျွမ်းကျင်မှုများ မြင့်မားလာစေရန် အရေးကြီးသကဲ့သို့ ဥပဒေနှင့်အညီ မိမိ၏လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးလိုအပ်ပါကြောင်း၊ ယခုကဲ့သို့ ဥပဒေအသိပညာကို တိုင်းဒေသကြီးအတွင်းမှ အရာထမ်းများအား ပို့ချပေးခြင်းအားဖြင့် သင်တန်း တက်ရောက်ပြီးသည့် အရာထမ်းများအနေဖြင့် ဥပဒေ၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ကာ ဥပဒေပါ တားမြစ်ချက်ကို မလိုက်နာခြင်း၊ ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စကို ပျက်ကွက်ခြင်းတို့အတွက် ပြစ်ဒဏ်သတ်မှတ်ထားကြောင်းနှင့် ပြစ်မှုကျူးလွန်ပါက အပြစ်ရှိကြောင်းကို သိရှိခြင်းဖြင့် ဥပဒေကို လေးစားလိုက်နာ တတ်စေရန်၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိ၏လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် မျှော်မှန်းပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချလိုက်သည့် ဥပဒေအသိပညာများကို သိရှိလိုက်နာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများ ဖြစ်လာနိုင်မည် ဖြစ်ကြောင်း၊ ဥပဒေကို လေးစားလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာပြီး ဥပဒေစည်းကမ်းများကို ကောင်းစွာ လိုက်နာကျင့်သုံးနေထိုင်သည့် လူမှုအဖွဲ့အစည်း ဖြစ်ထွန်းရေးကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၃၅)သိန်းအား ပေးအပ်ရာ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေက လက်ခံရယူခဲ့သည်။

 

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတွင် တိုင်းအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း (၁၀၆)ဦးအား ဥပဒေပညာရပ် သင်ရိုးညွှန်းတမ်းနှင့်အညီ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများက ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

           

အောင်ကို(ဖန်ခါးမြေ)