မင်းဘူး ဇန်နဝါရီ ၂၁

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နွေရာသီနှင့် မိုးဦးကျရာသီများ၌ အများဆုံးဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်(ယခုနှစ်)တွင် လူနေအိမ်အလုံးပေါင်း ၁၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အတူ ခရိုင်၊ မြို့နယ်အဆင့် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီက ထုံးမကြီးကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ဒေသခံများနှင့် သွားရောက်တွေ့ဆုံ၍ လူနေအိမ်များ ပြုပြင်မွမ်းမံဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးမှာကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အိမ်ဆောက်ပစ္စည်းများ ကြိုတင်ဝယ်ယူနိုင်ရေး ပြင်ဆင်စရိတ်ငွေများ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ထုံးမကြီးကျေးရွာနှင့် ပေါက်လေးပင်ကျေးရွာအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရမည့် လူနေအိမ်များကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ခဲ့ကြသည်။

 

မင်းဘူးခရိုင်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ မင်းဘူး(စကု)မြို့နယ်နှင့် စလင်းမြို့နယ်တို့မှ ကျေးရွာပေါင်း ၁၂ ရွာရှိ လူနေအိမ် အလုံးပေါင်း ၆၀၀ အတွက် နိုင်ငံတော်အစိုးရမှ ငွေကျပ် သိန်း ၂၄၀ အကုန်ကျခံကာ ပြင်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အတူ မင်းဘူး(စကု)မြို့နယ်၌ (ယခုနှစ်) ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် ထုံးမကြီးကျေးရွာမှ လူနေအိမ် အလုံး ၅၀၊ ပေါက်လေးပင်ကျေးရွာမှ လူနေအိမ် အလုံး ၅၀ စုစုပေါင်း လူနေအိမ် အလုံး ၁၀၀ ကို ပြင်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လူနေအိမ်များကို ရွေးချယ်ရာတွင် မိမိအင်အားဖြင့် ပြင်ဆင်ရန်မတတ်နိုင်သော နေအိမ်များ၊ ခင်ပွန်းသည် သေဆုံးသွားပြီး အမျိုးသမီးဦးဆောင်နေရသော နေအိမ်များကို အဓိကထား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပြင်ဆင်ခြင်းလုပ်ငန်းများကို ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများက ဒေသခံ ရပ်မိ၊ ရပ်ဖများနှင့် ပူးပေါင်းပြီး ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက်အထိ သွားရောက်ကွင်းဆင်းပြီး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းက ပြောသည်။

 

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လေပြင်းတိုက်ခတ်မှု အကြိမ်ရေပေါင်း ၆၅၀ ကျော် ဖြစ်ပွားခဲ့ပြီး လူနေအိမ်အဆောက်အဦပေါင်း ၂၁၇၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူသေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

မောင်မောင်(မင်းဘူး)