နေပြည်တော် ဇန်နဝါရီ ၂၁

 

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ငွေရေးကြေးရေး ကြီးကြပ်‌စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများ အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံ အာမခံဈေးကွက်အတွင်းရှိ အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေးခိုင်မာမှုရှိစေရန် လိုက်နာရမည့် ညွှန်ကြားချက်သုံးခုကို ထုတ်ပြန်ခဲ့ကြောင်း၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန်အတွက် ကျန်းမာရေး အာမခံ၊ ပြင်းထန်သောရောဂါကုသမှု အာမခံနှင့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု အာမခံများ ရောင်းချခွင့်ပြုခဲ့ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် တင်ပြသည့်အမှာစာများအပေါ် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးရန် ပြောကြားသည်။

 

ထို့နောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးက (၃၇)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ဆွေးနွေးဆုံးဖြတ်ရမည့် အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ်၊ ဖုန်းမျက်နှာပြင် အာမခံအမျိုးအစားသစ်၊ အသေးစား ကျန်းမာရေးအာမခံနှင့် အသက်အာမခံအမျိုးအစားများဖြစ်သော တမူထူးခြားသည့် ထပ်ပေါင်းစုဆောင်း အသက်အာမခံ ၅/၃ အာမခံအမျိုးအစားသစ်၊ ပြင်းထန်ရောဂါထပ်တိုး အစီအစဉ်သစ်နှင့် လုံခြုံချေးငွေ အသက်အာမခံ အမျိုးအစားသစ် စုစုပေါင်း အာမခံအမျိုးအစားသစ် (၆)မျိုးတို့ကို ရှင်းလင်းတင်ပြရာ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးအကြံပြု တင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏အာမခံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံအမျိုးအစား (၆၀)ကိုလည်း ခွင့်ပြုထားပြီး နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံး (၂၉)ခု၊ အာမခံလျော်ကြေးတွက်ချက်သည့် Adjuster & Surveyors ကုမ္ပဏီ (၅)ခု၊ ကော်ပိုရိတ်အာမခံ ကိုယ်စားလှယ် (၅၈)ခု၊ တစ်ဦးချင်း အာမခံကိုယ်စားလှယ်စုစုပေါင်း (၁၉၂၃၄) ဦး၊ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်စင်တာ (၁)ခုနှင့် ဌာနတွင်း အာမခံကိုယ်စားလှယ် သင်တန်းကျောင်း (၂၅)ခုတို့ကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်