နေပြည်တော် ဇန်နဝါရီ ၂၁

 

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ၏ စာပေဟောပြောပွဲအခမ်းအနားနှင့် Naypyitaw State Polytechnic University ၊ အစိုးရ စက်မှုလက်မှု သိပ္ပံနှင့် ဓနအလင်းရောင်စာကြည့်တိုက်များသို့ သုတ၊ ရသ စာအုပ်များနှင့် ဘုရားရှိခိုးစာအုပ်များ လှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အစိုးရစက်မှုလက်မှုသိပ္ပံရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းနာသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဌေးသွင်၊ Naypyitaw State Polytechnic University  ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ စိုးလင်းအောင်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန(DTVET)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရစက်မှု လက်မှုသိပ္ပံ(နေပြည်တော်)ကျောင်းအုပ်ကြီး၊ ဓနအလင်းရောင်စာကြည့်တိုက် ဥက္ကဋ္ဌ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်က ဘာသာရေးဆိုင်ရာနှင့် အထွေထွေ ဗဟုသုတများကို ဟောပြောသည်။

 

ထို့နောက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည်တော်) မှ ကျောင်းသား၊ ကျောင်းသူများက ထာဝရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ဒုတိယဝန်ကြီးက စာအုပ်များလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သိပ္ပံနှင့် နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကားပြောကြားသည်။   

                                                                                                                                                                                                                                                                                                                                                           

ယင်းနောက် ဒုတိယဝန်ကြီးက သုတ၊ ရသစုံစာအုပ်များနှင့် ဘာသာရေးဆိုင်ရာစာအုပ်များကို Naypyitaw State Polytechnic University ဒုတိယပါမောက္ခချုပ် အစိုးရစက်မှုလက်မှုသိပ္ပံ (နေပြည် တော်)ကျောင်းအုပ်ကြီးနှင့် ဓနအလင်းရောင် စာကြည့်တိုက်ဥက္ကဋ္ဌတို့ထံ ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

 

ယနေ့ အခမ်းအနားတွင် Naypyitaw State Polytechnic University သို့ ၂၀၉ အုပ်၊ အစိုးရစက်မှု လက်မှုသိပ္ပံသို့ စာအုပ် ၇၀၃ အုပ်၊ ဓနအလင်းရောင်စာကြည့်တိုက်သို့ ၃၇၁ အုပ် စုစုပေါင်း ၁၂၈၃ အုပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)