သတင်းမီဒီယာများတွင် အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးအားမြှောက်ပြုသည့်သတင်းများ၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့် သတင်းများ၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေမည့် သတင်းများကို ရေးသား ဖော်ပြခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အရေးယူဆောင်ရွက်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ရန်ကုန် ဇန်နဝါရီ ၂၁

သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌများ၊ တွဲဖက် အတွင်းရေးမှူးများ၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးသည် စတုတ္ထအကြိမ် ရွေးချယ်ခံရသည့် မြန်မာ နိုင်ငံသတင်း မီဒီယာကောင်စီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အားပြည့်အင်ပြည့်ဖြင့် ထမ်းဆောင်နိုင်ပါစေဟု ဆုတောင်းပါကြောင်း၊ ကောင်စီဝင်များသည် အသက်အရွယ်နှင့် အတွေ့အကြုံအရ ရင့်ကျက်ပြီးသူများဖြစ်သဖြင့် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ယနေ့ဖြစ်ပေါ်နေသည့် ပကတိအခြေအနေမှန်များ၊ ပြည်တွင်း/ ပြည်ပနိုင်ငံရေးအခြေအနေများကို စဉ်းစားချင့်ချိန်ဆောင်ရွက်မှသာ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် သတင်းမီဒီယာသည် လွန်စွာအရေးကြီးသည်ကို တက်ရောက်လာကြသူများက ပိုမိုနားလည်တတ်ကျွမ်းသူများ ဖြစ်သဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားရန် မလိုအပ်ဟုယူဆမိပါကြောင်းနှင့် သတင်းမီဒီယာများ၏ လွှမ်းမိုးမှုသည် မိမိတို့၏ နေ့စဉ်ဘဝများကို လွန်စွာအကျိုးသက်ရောက်မှု ရှိပါကြောင်း။

 

ယခုအခါ စာပေထုတ်ဝေမှုလုပ်ငန်းများတွင် ညစ်ညမ်းစာပေများကို ထုတ်ဝေဖြန့်ချိမှုများ တွေ့ရှိနေရသည့်အတွက် သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေရပါကြောင်း၊ ယင်းစာအုပ်များသည် လူငယ်များ၏ စဉ်းစား တွေးခေါ်မှုနှင့် ခံစားနားလည်မှုများကို လွဲမှားစေနိုင်သည့် ဟီရိဩတ္တပ္ပမရှိသော စာအုပ်စာစောင်များ ဖြစ်သဖြင့် ထိုကဲ့သို့ အရေးယူဆောင်ရွက်ခြင်းသည် နိုင်ငံနှင့်လူမျိုးအတွက် စာပေအဆိပ်သင့်မှုကို ကာကွယ် တားဆီးခြင်း ဖြစ်သည်ဟု ပြောကြားလိုကြောင်း၊ အလားတူ တေးသီချင်းဗီဒီယိုထုတ်လွှင့်မှုများတွင်လည်း ညစ်ညမ်းမှုများ ပါဝင်နေသဖြင့် လိုအပ်သလို အရေးယူ ထိန်းကျောင်းဆောင်ရွက်နေပါကြောင်း။

 

 မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် မိမိ၏လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ လွတ်လပ် စွာလုပ်ဆောင် နိုင်ကြပါကြောင်း၊ အထူးသဖြင့် ယနေ့ဖြစ်ပေါ်နေသော အကြမ်းဖက်သမားများ၏ လုပ်ဆောင်မှုများအပေါ် ဝိုင်းဝန်းဆန့်ကျင်ပေးရန်နှင့် ပြည်သူများ မှန်ကန်စွာရပ်တည်ဆောင်ရွက်နိုင်ရေး မီဒီယာနည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ မဟုတ်မမှန်သတင်းများအပေါ်အခြေခံ၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော် အပေါ် ထိခိုက်စေနိုင်သည့် ရေးသားဖော်ပြမှုများကိုရှောင်ကြဉ်ကာ ဆင်ခြင်တုံ တရားဖြင့် အပြုသဘောရေးသား ဖော်ပြပေးကြရန် တိုက်တွန်းလိုပါကြောင်း။

 

သတင်းမီဒီယာများအနေဖြင့် အကြမ်းဖက်သမားများကို အားပေးအားမြှောက်ဆန်သည့်သတင်းများ၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေသည့် သတင်းများ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့်သတင်းများကို ရေးသားဖော်ပြခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ကို ကျယ်ပြန့်စွာအသိပေးထားရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ရေးသားဖော်ပြခြင်းမပြုရန်လည်း မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအနေဖြင့် ဝိုင်းဝန်းကြပ်မတ်ပူးပေါင်းဆောင်ရွက်ပေး ပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ထားသည့် စည်းကမ်း မလိုက်နာဘဲ ပုံနှိပ်ထုတ်ဝေနေသည့် ပုံနှိပ်သူ/ထုတ်ဝေသူများအား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့် အညီ အရေးယူဆောင်ရွက် မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

 ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်ရှိ အမှတ်(၁၈-A)၌ စာဆိုဗိမာန် အဆောက် အအုံတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ရှင်းလင်းဆောင်ခန်းမ၌ Myanmar Land & Development Ltd; Project Director ဒေါ်ယုယုနိုင်က စာဆိုဗိမာန်အဆောက်အအုံ ရာခိုင်နှုန်းအလိုက် တည်ဆောက်ပြီးစီးနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက စာဆိုဗိမာန်ကို ခံ့ညားထည်ဝါပြီး ခေတ်မီအဆောက်အအုံ ဖြစ်ရန်လိုအပ်ကြောင်း နှင့် ဆောက်လုပ်ပြီးစီးပါက အဆောက်အအုံအတွင်း ပြသမည့်ပစ္စည်းများ စနစ်တကျရှိစေရေးတို့ကို မှာကြားကာ စာဆိုဗိမာန် အဆောက်အအုံတည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်