ရန်ကုန် ဇန်နဝါရီ ၂၂
မြန်မာနိုင်ငံတွင် အောက်ချင်းငှက်မျိုးစိတ် ၁၁ မျိုး ရှင်သန်ကျက်စားလျက်ရှိပြီး ယင်းမျိုး စိတ်များမှ အောက်ချင်း ငှက်မျိုးစိတ် ၉ မျိုးသည် တနင်္သာရီတိုင်းဒေသကြီးတွင် ရှင်သန် ကျက်စားလျက်ရှိကြောင်း သိရသည်။
ယခုအခါ ကမ္ဘာပေါ်တွင် အောက်ချင်းငှက်၊ အောင်လောင်နှင့် ဂေါ်ရင်ငှက်မျိုးစိတ်များ လျော့နည်းလာလျက်ရှိပြီး အချို့မှာ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အတွက် မြန်မာနိုင်ငံရှိ အောက်ချင်းငှက်မျိုးစိတ် ၁၁ မျိုးကို သစ်တောဦးစီးဌာနမှ လုံးဝကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ငှက်မျိုးစိတ်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
သစ်တောဦးစီးဌာနသည် အောက်ချင်းမြှီးရှည်(Helmted Hornbill)ကို မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော မျိုးစိတ်အဖြစ်လည်းကောင်း၊ အောက်ချင်းခေါင်းဖြူ(White – crowned Hornbill)ကို မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်အဖြစ်လည်းကောင်း၊ အောက်ချင်းမဲ(Black Hornbill)၊ အောင်လောင်(Great Hornbill)၊ အောက်ချင်းလည်နီ (Rufous-necked Hornbill)၊ အောက်ချင်းလည်ဝါ(Wreathrd Hornbill)နှင့် ဂေါရင်(Plain-pouched Hornbill) တို့ကို မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်အဖြစ် လည်းကောင်း ကာကွယ်ထိန်းသိမ်း လျက်ရှိပြီး အောက်ချင်းညို(Tickell’s Brown Hornbill)နှင့် (Austen’s Brown Hornbill) မျိုးစိတ်၊ အောက်ချင်းမျက်ကွင်းဖြူ(Bushy-crested Hornbill)နှင့် အောက်ချင်းငှက်(Oriental Pied Hornbill) တို့ကို မျိုးသုဉ်းရန် အန္တရာယ်နည်းပါးသောမျိုးစိတ်(Least Concern)အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါငှက်မျိုးစိတ်များသည် သစ်ပင်အခေါင်းပေါက်များတွင် အသိုက်ဆောက် နေထိုင်သော ငှက်အမျိုးအစားဖြစ်ပြီး သစ်တော၊ သစ်ပင်ကြီးများပေါများရာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးရိုးမ၊ ရခိုင်ရိုးမတို့တွင် ကျက်စားနေထိုင်ကြကာ တနင်္သာရီတိုင်းဒေသကြီး၌ အများဆုံး ရှင်သန်ကျက်စားလျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ထို့အပြင် မျိုးသုဉ်းပျောက်ကွယ်ရန် ရင်ဆိုင်နေရသည့် အောက်ချင်းငှက်မြှီးရှည်များ တနင်္သာရီတိုင်းဒေသကြီးတွင် ကျက်စားလျက်ရှိသည့်အတွက် သစ်တောဦးစီးဌာနသည် အောက် ချင်းမြှီးရှည်ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး သစ်တောကြိုး ဝိုင်းများတွင် အဓိကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)


