နေပြည်တော် ဇန်နဝါရီ ၂၂

၂၀၂၅ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည် တော်ကောင်စီနယ်မြေပညာရေးမှူး၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ် ရေးမှူးနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးသင်တန်းကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် သုံးနေရာခွဲ၍ ကျင်းပပြီး ရန်ကုန်နှင့် မန္တလေး သင်တန်းများတွင် ကြီးကြပ်ရေးမှူး သင်တန်းသား(၅၂၆)ဦးနှင့် နေပြည်တော်တွင် ကျင်းပသည့် ယခုသင်တန်းတွင် သင်တန်းသား(၂၇၈)ဦး တက်ရောက်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံအဆင့် ကျင်းပပြုလုပ်သည့် စာမေးပွဲဖြစ်သည့်အတွက် စာမေးပွဲစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျကျင်းပနိုင်ရေး ယခုလိုကြီးကြပ်ရေးမှူးသင်တန်း များကို နှစ်စဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူးတာဝန် ထမ်းဆောင်ကြမည့် ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် မိမိတာဝန်ကျရာစာစစ်ဌာနများတွင် တရားမျှတပြီး မသမာမှုကင်းရှင်းသည့် စာမေးပွဲဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက Non-programmable Scientific Calculator များကို စာစစ်ဌာနများသို့လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ယင်းနောက် တာဝန်ရှိသူများက စာမေးပွဲဆိုင်ရာလုပ်ငန်းများ၊ စာမေးပွဲဖြေဆိုခွင့်ဆိုင်ရာ လုပ်ငန်းများအခန်း(၁)၊ စာစစ်ဌာနလျာထားသတ်မှတ်ခြင်းနှင့် ကြီးကြပ်ရေးခန့်ထားခြင်းအခန်း (၂)(၃)၊ စာမေးပွဲကာလမေးခွန်းလွှာဆိုင်ရာညွှန်ကြားချက်များအခန်း(၄)၊ ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့များဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အခန်း(၅)၊ စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ၊ ပြစ်ဒဏ်များ အခန်း(၆)၊ ကြီးကြပ်ခ၊ အသေးသုံးစရိတ်ဆိုင်ရာ လုပ်ငန်းများအခန်း(၇) တို့ကို သင်တန်းပို့ချခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲ၊သင်တန်းကို ဇန်နဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်