နေပြည်တော် ဇန်နဝါရီ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အခြေခံမဲစာရင်းတွင်ပါဝင်ရမည့် လူဦးရေစာရင်းများ ပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံ မှန်ကန်ရေးနှင့် မှားယွင်းမှုမရှိစေရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် မဲစာရင်းများမှန်ကန်ရေးသည်အရေး ကြီးသောလုပ်ငန်းစဉ်ဖြစ်သဖြင့် မဲစာရင်းပြုစုရာတွင် ဥပဒေနှင့်အညီ မြေပြင်တွင် နေထိုင်သူများဖြစ်ကြသည့် နိုင်ငံသားစိစစ်ရေး လက်မှတ်တစ်ခုခု ကိုင်ဆောင်ထားရှိပြီး အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) တွင် ပါရှိသူများ၏ စာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှရယူပြီး ထိုသူများသည် မြေပြင်တွင် အမှန်နေထိုင်မှု ရှိမရှိ၊ သေဆုံး၊ ပျောက်ဆုံးနှင့် ပြောင်းဝင်၊ ပြောင်းထွက် သူများ၏စာရင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရယူကာ မဲစာရင်းပြုစုရန် စီစဉ်ထားရှိကြောင်း ပြောကြားသည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန် ရှိသူများက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


