နေပြည်တော် ဇန်နဝါရီ ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် တောက်ထိန်ကျေးရွာ အေးချမ်းသာယာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ တောင်သူ ဦးရန်နိုင်ဦး၏ ရေဆင်း(၁)ဆောင်း နေကြာစိုက်ပျိုးထားရှိမှုကို  ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ သမဝါယမ အသင်းသားများ၊ နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများအနေဖြင့် သမဝါယမအသင်းမှ စိုက်ပျိုး ထားသောဆောင်းနေကြာစိုက်ခင်းများမှ ထွက်ရှိလာသောနေကြာများကို သမဝါယမအသင်းပိုင် ဆီစက်များမှ ပွဲစားမလိုဘဲ တိုက်ရိုက်ဝယ်ယူကြိတ်ခွဲပေးနိုင်ရေးချိတ်ဆက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်ခြင်း မပြုဘဲ အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူဆန္ဒတူသူများကိုစုပေါင်း၍ သမဝါယမအသင်းများ စုဖွဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်