နေပြည်တော်  ဇန်နဝါရီ ၂၄

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဥပဒေအသိပညာဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃၆) စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သင်တန်းကြီးကြပ်ဆရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနအလိုက် နိုင်ငံ့ဝန်ထမ်းများအားလုံး တည်ဆဲဥပဒေများ ပိုမိုသိရှိနားလည်ပြီး တိတိကျကျလိုက်နာဆောင်ရွက်ခြင်းဖြင့် ဥပဒေနှင့် ငြိစွန်းနိုင်သည့်ကိစ္စရပ်များမှ ကင်းဝေးစေမည်ဖြစ်သကဲ့သို့ မိမိတို့လုပ်ငန်းတာဝန်များကို  ဥပဒေနှင့်အညီ ယုံကြည်ချက်ခိုင်မာစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းပြီးမြောက် အောင်မြင်သွားကြသည့် သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် သင်တန်းမှရရှိသော ဥပဒေဆိုင်ရာ အသိပညာ ဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာပြီး သက်ဆိုင်ရာ လုပ်ငန်းခွင်များရှိ လုပ်ဖော်ကိုင်ဘက်ဝန်ထမ်းများအချင်းချင်း ဆက်လက်မျှဝေပေးရန် တိုက်တွန်းပြောကြားပြီး သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့် ပေးအပ်သည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များတွင် တာဝန် ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ဖြန့်ဝေခြင်း ဆင့်ပွားသင်တန်းများကို ကျင်းပပေးလျက်ရှိရာ အမှတ်စဉ်(၁)သင်တန်းတွင် သင်တန်းသား သင်တန်းသူ(၃၅)ဦးနှင့် အမှတ်စဉ် (၂)သင်တန်းတွင် သင်တန်းသား သင်တန်းသူ(၃၅)ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၇၀ ကို ဥပဒေ အသိပညာများ ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)