နေပြည်တော် ဇန်နဝါရီ ၂၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၁)၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်သည့်အပြင် နိုင်ငံသားများ၊ ပြည်သူများမဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက်လည်းဖြစ်ကြောင်း၊ လူတိုင်းလူတိုင်း ဥပဒေပညာရှင်မဖြစ်နိုင်သော်လည်း ဥပဒေပညာ ကို သိရှိနားလည်ထားမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် ကာလတိုသင်တန်းဖြစ်သည့်အတွက် သင်တန်းက ပို့ချပေးလိုက်သော သင်ခန်းစာများ သည် သင်တန်းသား၊ သင်တန်းသူများအတွက် ပြည့်စုံခြင်းမရှိသော် လည်း ဥပဒေအသိအမြင်များရရှိမည်ဟု ယုံကြည်ကြောင်း၊ ယခုသင်တန်းကရရှိသည့် ဥပဒေအသိအမြင်ဗဟုသုတများကို အခြေခံပြီး ဆက်လက် လေ့လာသင်ယူသွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသားများကိုယ်စား သင်တန်းသား ၁ ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသား ၁ ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၆ ဦး တက်ရောက်ခဲ့ကြပြီး ရက်သတ္တပတ် ၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


