နေပြည်တော် ဇန်နဝါရီ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်သို့ရောက်ရှိကြပြီး ဘာသာရပ်အလိုက် ယှဉ်ပြိုင်နေသည့် အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲများကို ကြည့်ရှု အားပေးကာ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း စသည့် အားကစားပစ္စည်းများကို ပေးအပ်သည်။
ထို့နောက် တက္ကသိုလ်ဘက်စုံသုံးခန်းမရှေ့ မြေယာရှုခင်းအလှ ပြုပြင်ဆောင်ရွက်ထားမှုကိုလည်းကောင်း၊ တက္ကသိုလ် လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ် (Social Innovation Support Unit)တွင် စာသင်ချိန်ပြင်ပ တက္ကသိုလ်လှုပ်ရှားမှု အစီအစဉ်ဖြင့် ခဲပန်းချီရေးဆွဲခြင်း၊ စက္ကူဖြင့် ပြုလုပ်သောလက်မှုအနုပညာများ၊ ချည်ထိုး လက်မှုပညာ လက်တွေ့ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထား သော ပဲတီစိမ်း (၁၀) ဧက စိုက်ခင်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး သုတေသနလုပ်ငန်းများ အဆင့်မြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာတတ်များ မွေးထုတ်နိုင်ရေး ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် စိုက်ပျိုးထားသည့် သမဝါယမဦးစီးဌာန၏ သီးနှံစိုက်ခင်းမှထွက်ရှိသော New Green F1 စပ်မျိုး ဘရိုကိုလီ ပန်းစိမ်းပွင့်များကို လက်ဆောင်ပေးအပ်သည်။
ဆက်လက်၍ သန်လျင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ခရိုင်/ မြို့နယ်အဆင့် ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဘုရားကုန်းကျေးရွာအဝင်လမ်း (၃၃၈၇)ပေ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


