နေပြည်တော် ဇန်နဝါရီ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဇီးဖြူကုန်းကျေးရွာရှိ လူဦးရေ ၃၈၁၈ ဦး တို့၏ စိုက်ပျိုးမြေဧက ၂၇၀၀ ကျော် အကျိုးပြုပေးနိုင်မည့် ဇီးဖြူကုန်း ကျေးရွာ ကုန်ထုတ်လမ်း တံတားဖောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြား၍ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ ကုန်ထုတ်လမ်းတံတား ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရမည်းသင်းမြို့နယ် သိမ်ကုန်းကျေးရွာ ယာယီရှင်းလင်းဆောင်၌ ရွှေစင်စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်း အသင်းအမှုဆောင်များ၊ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့်လည်းကောင်း၊ ကန်ဘဲ့ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ရွှေကန်ဘဲ့စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း အသင်းအမှုဆောင်များ၊ ဆီထွက်သီးနှံနေကြာ စိုက်တောင်သူများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အသင်းသား တောင်သူများအနေဖြင့် ရာသီအလိုက် မိမိတို့ဒေသနှင့်ကိုက်ညီသော သီးနှံများစိုက်ပျိုးရာတွင် လိုအပ်သည့် နည်းပညာများ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သမဝါယ မအသင်းမှ စိုက်ပျိုးထားသော ဆောင်းနေကြာစိုက်ခင်းများမှ ထွက်ရှိလာသော နေကြာများကို သမဝါယမအသင်းပိုင် ဆီစက်များမှ ပွဲစားမလိုဘဲ ဒေသပေါက်ဈေးနှုန်းဖြင့် တိုက်ရိုက်ဝယ်ယူကြိတ် ခွဲပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်ခြင်းမပြုဘဲ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုး အစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမ အသင်းများ စုဖွဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


