နေပြည်တော်  ဇန်နဝါရီ  ၂၄

 

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုအခါ ပြည်လုံးကျွတ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူပြီး၍ ရှေ့ပြေးလူဦးရေစာရင်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည့်အတွက် မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် လူဦးရေစာရင်းများနှင့် သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေစာရင်းအချက်အလက်များကို နှိုင်းယှဉ်သုံးသပ်ကာ ပြည့်စုံမှန်ကန်သည့်မဲစာရင်းကို ပြုစုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မဲစာရင်းပြုစုရာ တွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိပြီး မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင် မပါရှိမှသာ ပြည့်စုံ မှန်ကန်သည့် မဲစာရင်းဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အတည်ပြုလူဦးရေစာရင်းများ ပေးပို့ရာတွင် အချက်အလက်ကွဲလွဲမှုနှင့် မပြည့်စုံမှု၊ အချက်အလက်ထပ်နေ မှုနှင့် မပါရှိမှုများမဖြစ်စေရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက စနစ်တကျစိစစ်အတည်ပြု၍ သတ်မှတ်ရက်အရောက် ပေးပို့ကြရန်လိုအပ်ကြောင်း။

 

ဒေသအချို့၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းသွားလာ နေထိုင်မှုများ ရှိနေကြပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း အခြားဒေသအချို့မှ ယာယီရွေ့ပြောင်း နေထိုင်မှုများရှိနေသည့်အတွက် ယင်းတို့၏စာရင်းအချက်အလက်များ တိကျမှန်ကန်စွာရရှိရေး ဆောင်ရွက် ရန် လိုအပ်သကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ ဥပဒေနှင့် ကိုက်ညီသူများ မဲစာရင်းတွင်ပါဝင် စေရေး၊ မဲစာရင်းတစ်နေရာထက်ပိုမိုပါဝင်မှုမရှိစေရေး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရရှိသည့် လူဦးရေအချက်အလက်များ ကွဲလွဲမှုမရှိစေရေး၊ ပြည့်စုံမှန်ကန်ရေး အတွက် စိစစ်ပြင်ဆင်ဆောင် ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃) လျာထားသတ်မှတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်၊ ယာယီရွှေ့ပြောင်းနေထိုင်လာသူများအား စာရင်းကောက်ယူ‌၍ စာရင်းပြုစုတင်ပြဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းများအောင်မြင်ရေးအတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေမှု၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်း မြတ်ရတနာခန်းမ၌ မင်္ဂလာဒုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်ပြည့်မီသည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ် ဆောင်ရွက်ပေးနေမှုကို လည်းကောင်း၊ နိုင်ငံသားကတ်ပြား ရရှိပြီးသည့် ကျောင်းသား ကျောင်းသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို လည်းကောင်း၊ မင်္ဂလာဒုံ မြို့နယ် တောတိုက်ရပ်ကွက်ရှိ တောတိုက်ဓမ္မရိပ်သာ၌ ဝန်ထမ်းများက ဒေသခံပြည်သူများအား လုပ်ငန်းစဉ် အဆင့်အလိုက် (၅)ဦးကော်မတီဖြင့်စိစစ်၍ ဥပဒေနှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား စိစစ်ထုတ်ပေးဆောင်ရွက်နေမှုကိုလည်းကောင်း၊ နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic ၊ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

ယနေ့တွင် မင်္ဂလာဒုံမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၉၁) ဦးနှင့် တောတိုက်ရပ်ကွက်မှ‌ ဒေသခံပြည်သူ (၁၀၅) ဦးတို့ကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးပြီး e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးခြင်းကို One Stop Service ဖြင့် တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)