ရန်ကုန်  ဇန်နဝါရီ  ၂၄

 

"ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး၊ တရုတ်- မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး သီတင်းပတ် အတူတွဲယှဉ် စုံစုံလင် ယူနန် -မြန်မာ ဒြပ်မဲ့ယဉ်ကျေးမှုအသွင် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ တရုတ်ယဉ်ကျေးမှုစင်တာ (ရန်ကုန်) ၌ ကျင်းပသည်။

         

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူး ကြီး Ms. Cao Jing နှင့် မြန်မာနိုင်ငံစာရေးဆရာများအသင်းဥက္ကဌ ဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး) တို့က အမှာစကား ပြောကြားကြသည်။

 

ထို့နောက် ယူနန်ပြည်နယ် ပြတိုက် ဒုတိယပြတိုက်မှူး ဖန်းဟိုင်ထောင်းက “မြွေယဉ်ကျေးမှု" အကြောင်း ကိုလည်းကောင်း၊ ယူနန်ပြည်နယ် ပြတိုက်သုတေသနှင့် ဖလှယ်ရေးဌာန ဌာနမှူး သုတေသီ ကောကျား က “ယူနန်ပြည်နယ် ပွဲတော်ယဉ်ကျေးမှု" အကြောင်းကိုလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဦးခိုင်ထွန်းက  မြန်မာပွဲတော် ယဉ်ကျေးမှု အကြောင်းကိုလည်းကောင်း မိတ်ဆက်ဟောပြောကြသည်။

 

ယင်းနောက် China Media Group (Yangon Bureau) သတင်းထောက် ကျန်းရှောင်နင်နှင့် မြန်မာနိုင်ငံ Skynet ရုပ်သံလွှင့်ဌာနမှ ထုတ်လုပ်သူ ဒေါ်ခင်ငြိမ်း ချမ်းကျော်တို့က နှစ်နိုင်ငံပူးပေါင်း၍ ရုပ်သံအစီ အစဉ်များ ရိုက်ကူးခဲ့သည့် အတွေ့အကြုံများကို မျှဝေပေးကြပြီး မန်စီမြို့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့က ပျော်ရွှင်ကြည်နူးဖွယ် အဆိုအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

 

ဆက်လက်၍ အခမ်းအနား တက်ရောက်လာကြသူများသည် ပျော်ရွှင်ဖွယ် တရုတ် နှစ်သစ်ကူး တရုတ် -မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး သီတင်းပတ် အစီအစဉ်များကို  ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

(ဇော်မင်းလတ်-MNA)