နေပြည်တော် ဇန်နဝါရီ ၂၄
ပညာရေးဝန်ကြီးဌာနသည် ဆက်စပ်ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူပေါင်း၍ ဖေဖော်ဝါရီ ၁ ရက်မှစ၍ သင်ကြားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပထမအဆင့်အနေဖြင့် ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော် အမှတ် ၁၄ အခြေခံ ပညာအထက်တန်းကျောင်း၌ ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက် အထိ ၅ ရက်ကြာ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်ကြသည့် သင်တန်းသား သင်တန်းသူ ၃၀ တို့သည့် ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ လည်းကောင်း၊ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်သို့လည်းကောင်း သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် သင်တန်းသားများအား ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ပညာရေးဝန်ကြီးဌာနအကြောင်း သိကောင်းစရာ၊ နိုင်ငံတော်က လူတိုင်း အတွက်ပညာရေးအစီအစဉ်များကို ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းပညာရေးကဏ္ဍနှင့် ကျောင်းပြင်ပ ပညာရေးကဏ္ဍတို့၏ ဆောင်ရွက်နေမှုကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ညနေပိုင်းတွင် ဇမ္ဗုသီရိမြို့နယ် အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ စဉ်ဆက်ပညာရေးလုပ်ငန်းဗဟိုအဆင့် နည်းပြသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်း သား သင်တန်းသူ များက စဉ်ဆက်ပညာရေးလုပ်ငန်းကို စာသင်ဝိုင်းများ၌ လက်တွေ့သရုပ်ပြ သင်ကြားခြင်းအစီအစဉ်ဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲအပြီးတွင် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အသင်းများကို ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


