ရန်ကုန် ဇန်နဝါရီ ၂၄

 

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ)ရှိ သင်တန်းခန်းမ၌ အခြေခံမော်တာစက်ချုပ် သင်တန်းပို့ချနေမှုကို အားပေးကြည့်ရှုပြီး  သင်တန်းသားများ၏ အရည်အသွေး အာမခံချက်ရှိစေရေး အလေးထား ဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ရွှေသံလွင်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် LZK Apparel Co.,Ltd၊ Tha Shu (Myanmar) Glory Fashion Co.,Ltd နှင့် Pak Chun Industrial Limited Co.,Ltd စက်ရုံများ၌ စက်ရုံတာဝန်ခံနှင့် မန်နေဂျာ၊ အလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍  ဒုတိယဝန်ကြီးက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ပူး ပေါင်းဆောင်ရွက်မှုကို အလေးထား ဆောင်ရွက်ရန်၊ လုပ်သားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ကျန်းမာပျော်ရွှင်စွာလုပ်ကိုင်နိုင်ခြင်းဖြင့် ကုန်ထုတ်စွမ်းအားတိုးတက်စေပြီး အပြန်အလှန်အကျိုးပြုနိုင်ကြောင်း၊ အလုပ်ရှင်၊ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးများနှင့် အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံကောင်းမွန်ခြင်းဖြင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်း၍ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်ရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် မှာကြားကာ စက်ရုံအတွင်းလှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)