နေပြည်တော် ဇန်နဝါရီ ၂၄
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာဂီစူပါတိုင်ဖွန်းမုန်တိုင်း သဘာဝဘေးဒဏ် ရေကြီးရေလျှံမှုကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ သာစည်-ရွှေညောင်-တောင်ကြီး လမ်းပိုင်းတို့ရှိ အချို့နေရာများတွင် ရထားလမ်းတာပေါင်များ၊ တံတားများပျက်စီးခြင်းနှင့် ကြုံတွေ့ခဲ့ရသော်လည်း မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းအလိုက် ပျက်စီးမှုများကို ဦးစားပေး၍ပြုပြင်နိုင်ခဲ့သောကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃ ရက်မှစ၍ ရန်ကုန်-မန္တလေးရထားလမ်း တောက်လျောက်ပြန်လည်ဖွင့်လှစ်ပြီး လူစီးရထားများနှင့် ကုန်ရထားများကို ပုံမှန်ခရီးစဉ်များအဖြစ် ပြန်လည်ပေးဆွဲပေးနိုင်ခဲ့သည်။
ထို့အတူ သာစည်-ရွှေညောင်လမ်းပိုင်းအတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းပိုင်းအလိုက် ဦးစားပေး ပြုပြင်နိုင်ခဲ့သဖြင့် ဇန်နဝါရီ ၂၈ ရက်တွင် လမ်းပိုင်းအားလုံး ပြန်လည်ဖွင့်လှစ်ပေးနိုင်မည် ဖြစ်၍ သာစည်-ရွှေညောင်လမ်းပိုင်းတွင် ပြေးဆွဲပေးခဲ့သော အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်လူစီးရထားကို ဇန်နဝါရီ ၃၁ ရက်(သောကြာနေ့)တွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန် ရွှေညောင်-သာစည်လူစီးရထားကို ဖေဖော်ဝါရီ ၃ရက်(တနင်္လာနေ့)တွင်လည်းကောင်း ပြန်လည် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အပတ်စဉ် အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်ရထားကို သောကြာ နှင့် အမှတ်(၁၄၂)အစုန် ရွှေညောင်-သာစည်ရထားကို တနင်္လာနေ့များတွင် ပုံမှန်ပြေးဆွဲပေးသွား မည်ဖြစ်ပြီး အမှတ်(၁၄၁)အဆန် ရထားသည် သာစည် မှ နံနက် ၆ နာရီ ထွက်ခွာ၍ ရွှေညောင်သို့ ညနေ ၅ နာရီတွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန်ရထားသည် ရွှေညောင်မှ နံနက် ၇ နာရီ ထွက်ခွာ၍ သာစည်သို့ ညနေ ၆ နာရီတွင် ရောက်ရှိမည် ဖြစ်သည်။ ခရီးစဉ်အစအဆုံးအတွက် လက်မှတ်ခမှာ ရိုးရိုးတန်း ကျပ် ၉၀၀၀ နှုန်းနှင့် အထက်တန်း လက်မှတ်ခ မှာ ကျပ် ၁၂၀၀၀ နှုန်း ဖြစ်သည်။
ထို့ပြင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအား ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ ရေမြေတောတောင်သဘာဝရှုခင်းများ၊ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိ စေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ အောင်ပန်း-ကလော (အသွား-အပြန်)ခရီးစဉ်နှင့် ကလော-မြင်းဒိုက်(အသွား-အပြန်)ခရီးစဉ်များကို ခရီးသည်(၁၅)ဦး လိုက်ပါစီးနင်းနိုင်သည့် RGC ရထား စီးလုံးငှားခရီးစဉ်အဖြစ် ပုဂ္ဂလိက ခရီးသွားလာရေးအဖွဲ့များ၊ မိသားစုများ၊ လေ့လာရေးအဖွဲ့များ အနေဖြင့် ခရီးစဉ်တစ်ခုအတွက်(အသွား-အပြန်) ကျပ် ၁၂၀,၀၀၀ (ကျပ်တစ်သိန်းနှစ်သောင်း တိတိ) နှုန်းဖြင့် စိတ်ပါဝင်စားသည့် မည်သူမဆို ဇန်နဝါရီ ၂၄ ရက် မှစတင်၍ ငှားရမ်းစီးနင်းနိုင်မည်ဖြစ်သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိက ရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုန်း လမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား- မိုးကောင်းလမ်းပိုင်း၊ လက်ပံတန်း-သာရဝေါလမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


