မိတ္ထီလာ  ၈  မတ် 


မြန်မာ့ရိုးရာ သိုင်းပညာ တိုးတက်ပြန့်ပွားရေးနှင့် မျိုးဆက်သစ် လူငယ်များ ဖော်ထုတ်နိုင်ရေးအတွက် မိတ္ထီလာမြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် အဖွဲ့ဝင် မန္တလေးတိုင်း ဒေသကြီး သိုင်းဆပ်ကော်မတီဝင် မိတ္ထီလာမြို့နယ် ဗန်တိုအောင်သိုင်းပင်မ အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့်  နွေရာသီ မြန်မာ့ရိုးရာ သိုင်းသင်တန်း(၂/၂၀၁၈)ကိုမိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမနှင့်  ပြည်သာယာ (တောင်) ရပ်ကွက် အတွင်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန၏ အသိအမှတ်ပြု(ပထမ အဆင့်) မေတ္တာရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့တွင် ဖွင့်လှစ်သင်ကြားပေး လျှက်ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး၊ သိုင်းဆပ်ကော်မတီဝင် မိတ္ထီလာမြို့နယ် ဗန်တိုအောင်သိုင်းပင်မအဖွဲ့မှ ပင်မဦးစီးနာယက ဆရာကြီး ဦးအောင်မျိုး၊ပင်မဆရာကြီး ဦးမောင်မောင်အေးတို့မှ မေတ္တာရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ဗမာ၊ကရင်၊ နာဂ၊ ကချင်၊ လာဟူး၊မြောင်ဇီး၊ ဝနှင့် ရှမ်းစသည့် တိုင်းရင်းသား လူငယ်များနှင့် မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအား မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ ချမှတ်ပေးထားသော (၆၃)မောင်းအား၊ ဗန်တိုလက်ရေး၊ အတိုက်၊ ဒုတ်ရှည် ပညာရပ်၊ လက်သီးထိုးခုခံကာကွယ်မှု နည်းစနစ်များ၊ လက်နက်နှင့် လက်နက်မဲ့ခုခံ ကာကွယ်မှု စနစ်များ၊ ဓါးတစ်လက်(အခြေခံ)၊ ဓါးနှစ်လက်(အခြေခံ)နှင့် မြန်မာ့လက်သီးထိုး ကျင့်စဉ်စနစ်များ စသည့် ဘာသာရပ်များကို မတ်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပေးလျက်ရှိကြောင်း ဗန်တိုအောင်သိုင်းပင်မ အဖွဲ့မှ ပင်မဆရာကြီး ဦးမောင်မောင်အေးက ပြောကြားခဲ့သည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)