နေပြည်တော်၊ ဇန်နဝါရီ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၆၈ လမ်း၊ ၄၀ x ၄၁ လမ်းကြားရှိ ဖူရီဟွ(၃၁)နှစ်၊ (ဘ)ဦးဖာချင်း၏ နေအိမ်ကိုရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၃ ကီလို သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၊ ၄၂ လမ်းနှင့် ၆၇ (A) လမ်းထောင့်ရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ ဖူရှီးရံ (ခ) အားရှုန်း (၂၈) နှစ်၊ (ဘ) ဦးဖူဖာမိုအား ကက်တမင်း ၃ ဒသမ ၆ ကီလို၊ Happy Water ၈ ဒသမ ၆၃၅ ကီလို၊ အက်တက်စီဆေးပြား ၄၀ ၊ Happy-5 ဆေးပြား ၁၅၀၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ရာ မန္တလေးမြို့ပေါ်ရှိ KTV၊ BAR၊ CLUB နှင့် ENTERTAINMENT များတွင် ဖြန့်ဖြူးရောင်းချမည့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ Happy Water ၁၁ ဒသမ ၆၃၅ ကီလို၊ ကက်တမင်း ၃ ဒသမ ၆ ကီလို၊ အက်တက်စီဆေးပြား ၄၀ ၊ Happy-5 ဆေးပြား ၁၅၀ ၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်