ရန်ကုန် ဇန်နဝါရီ ၂၆
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်က ဆောင်ရွက်လျက်ရှိသည့် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ ဆေကိန္ဒ အမှူးပြုသော သင်ကြားဆရာတော်ကြီးများ၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန် ဘာသာပြန်ဆိုရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်က အဖွင့်ဩဝါဒကထာ မိန့်ကြားတော်မူပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေး ဆိုင်ရာများ လျှောက်ထားရာတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် အနေဖြင့် အဘိဓာန်ကျမ်းစာအုပ်များအား ၂၀၁၇ ခုနှစ်တွင် VOLUME-I (A-Uḷurāja) အား ပထမအကြိမ်အဖြစ် အုပ်ရေ(၁၀၀၀)၊ ၂၀၂၃ ခုနှစ်တွင် VOLUME-II (Ka-Kvaci) အား အုပ်ရေ (၁၀၀၀) ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထုတ်ဝေပြီးဖြစ်သော VOLUME-II အတွဲအမှတ် ၅ မှ ၈ အထိတွင် စာအုပ်အဖြစ် ထုတ်ဝေရန်ကျန်ရှိနေသည့် တည်ပုဒ်ပေါင်း ၃၀၀၂ ပုဒ်အား VOLUME-III အဖြစ် ထုတ်ဝေနိုင်ရန်လည်းကောင်း၊ အတွဲအမှတ် ၉ မှ ၁၂ အထိ ဘာသာပြန်ဆိုရန် ပုဒ်ပေါင်း ၄၃၉၀ ရှိသည့်အနက် ဘာသာပြန်ဆိုပြီး ပုဒ်ပေါင်း ၃၈၀၅ ပုဒ်တို့ကိုလည်း ပိုမိုသန့်စင်သည့် ဘာသာပြန်ဆိုပြီးသော တည်ပုဒ်များအဖြစ်လည်းကောင်း စိစစ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ယခုဆောင်ရွက်လျက်ရှိသော လုပ်ငန်းကြီးမှာ ထေရဝါဒဗုဒ္ဓသာသနာ ကမ္ဘာသို့ ပျံ့နှံ့စေရန် လွန်စွာမှပင် အထောက်အကူပြုသည့် "ရတနာသိုက်ကြီးတစ်ခု"ကို ဖန်တီး တည်ဆောက်နေခြင်းပင် ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အဋ္ဌကထာ၊ ဋီကာ ကျမ်းစာအုပ်များ ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းများ၊ ပိဋကတ်သုံးပုံ ပါဠိတော်အား အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ရေးလုပ်ငန်းများ၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်းများနှင့် သဗ္ဗဇေယျ မင်္ဂလာ ပရိတ်တော်နှင့် ပါဠိမြန်မာ ဗုဒ္ဓစာပေများ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းများအား ဆောင်ရွက်ရာမှာ စေတနာရှင် ရဟန်းရှင်လူ ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အဆိုပါ အလှူငွေများ ရရှိစေရန်အတွက်လည်း ပြည်တွင်း ပြည်ပမှ အလှူရှင်များအား မိမိတို့ ဆောင်ရွက်လျက်ရှိသော "သမိုင်းတွင်မည့် မဟာကုသိုလ်တော် လုပ်ငန်းကိစ္စရပ်များ" အကြောင်း ပိုမိုကျယ်ပြန့်စွာ သိရှိစေရန်အတွက် လက်ကမ်းစာစောင်များအား အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း အရေအတွက်ထောင်နှင့်ချီ၍ ရိုက်နှိပ်ဖြန့်ဝေလျက်ရှိပါကြောင်း၊ အလှူရှင်များကလည်း စေတနာထက်သန်စွာဖြင့် ဝန်ကြီးဌာနသို့ အလှူငွေများ ပေးပို့လှူဒါန်းလျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ယခုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ လိုအပ်သည့်ကိစ္စရပ်များအား ဝိုင်းဝန်းသုံးသပ် ဆွေးနွေးပေးတော်မူကြ ပါရန် လျှောက်ထားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဇော်ဇော်ဦးက တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း တိုးတက်မှုများကို ရှင်းလင်းတင်ပြလျှောက်ထားရာ အစည်းအဝေးတက်ရောက်လာကြသည့် ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော်နှင့် ပါမောက္ခဆရာတော်များက ညှိနှိုင်းဆွေးနွေးကြသည်။
ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ဖြည့်စွက်ဆွေးနွေး လျှောက်ထားပြီး ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဆေကိန္ဒက နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားတော်မူသည်။ အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီမှ သင်ကြားဆရာတော်၊ သီလရှင်များကို နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


