နေပြည်တော်၊ ဇန်နဝါရီ ၂၆
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန် ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် အားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ကြက်တောင်အားကစားခန်းမ၌ စားပွဲတင် တင်းနစ်ခုံများ ခင်းကျင်းထားရှိမှု၊ မြို့မ ဘောလုံးအားကစားကွင်းနှင့် ပွဲကြည့်စင် အခြေအနေကိုလည်းကောင်း၊ ကော့သောင်းမြို့နယ် ခရိုင်အားကစားခန်းမ၊ တင်းနစ်အားကစားကွင်း၊ ရိုးရာခြင်းလုံးခတ် အားကစားရုံနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများ စိမ်းလန်းစိုပြည်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေး၊ ရေရှည် တည်တံ့ရေးတို့အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်မှုများ လာရောက်လေ့ကျင့်နိုင်စေရေး လိုအပ်သည့် အားကစားပစ္စည်းများ ထောက်ပံ့ပေးသွားရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းခရိုင်ရုံးနှင့် မြို့နယ်ရုံတို့မှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


