နေပြည်တော် ဇန်နဝါရီ ၂၆

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ (၂၁) ရက်တွင် ချုံချင့်မြူနီစီပယ်အစိုးရ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့သည်မှာ (၇၅) နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အမျိုးသား နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမူဘောင် (National Spatial Development Framework Plan)ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မြို့ပြနှင့် ကျေးလက်ဒေသများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် Town Plan များ ရေးဆွဲပေးခြင်း၊ စက်မှုဇုန်များအတွက် ပင်မစီမံကိန်းများ ရေးဆွဲပေးခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အလားအလာကောင်းများရှိသော မြန်မာနိုင်ငံ မြို့ပြဖွံ့ဖြိုးရေးကဏ္ဍ၊ လမ်းနှင့်တံတား တည်ဆောက်ရေးဆိုင်ရာ ခေတ်မီနည်းပညာများ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ချုံချင့်မြူနီစီပယ်အစိုးရ ဒုတိယမြို့တော်ဝန် မစ္စတာကျန်းတွမ်ထောင် က မြန်မာနိုင်ငံသည် အိမ်နီးချင်းကောင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ချုံချုင့်မြူနီစီပယ်အစိုးရ အနေဖြင့် ဆောက်လုပ်ရေးကဏ္ဍ အပါအဝင် နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း၊ ချုံချုင့်မြို့သို့ ရောက်ရှိစဉ် တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၊ နည်းပညာကုမ္ပဏီကြီးများနှင့် တွေ့ဆုံ၍ ဆွေးနွေးစေလိုကြောင်း၊ ချုံချင့်မြို့နှင့် ပတ်ဝန်းကျင်အား လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ချုံချင့်မြူနီစီပယ်အစိုးရ ကုန်သွယ်ရေးဌာနသို့ သွားရောက်ပြီး ချုံချင့်မြို့ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျန်းရုံဝူနှင့် တာဝန်ရှိသူများ၊ ချုံချင့်မြို့ နိုင်ငံခြားရေးဌာနနှင့် မြို့ပြစီမံကိန်းနှင့်သဘာဝသယံဇာတဗျူရိုမှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိနှင့်အတူ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အတူပါရှိလာကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍ အပါအဝင် ဘက်စုံထောင့်စုံ ဆွေးနွေးစေလိုကြောင်းပြောကြားပြီး ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် မစ္စတာ ကျန်းရုံဝူ က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပထဝီဝင် အရ ဖြစ်တည်မှုအခြေအနေ၊ ပူးပေါင်းဆောင်ရွက်နိုင်သည့် စီးပွားရေးနှင့် အခြေခံ အဆောက်အအုံ ဆိုင်ရာတို့ကို ဆွေးနွေးကာ တက်ရောက်လာကြသော တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ချုံချင့်မြို့နှင့် ရှန်းကျန့်မြို့များသို့ ရောက်ရှိစဉ်

အမြန်လမ်းမကြီးများ တည်ဆောက်ထားရှိမှုနှင့် ကွပ်ကဲဆောင်ရွက်နေသည့် အခြေအနေများ၊ တံတား တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းခွင်များ၊ မြို့တွင်းလမ်းမများတွင် သစ်ပင်ပန်းမန်၊ လူသွားစင်္ကြံ ပလက်ဖောင်းများ ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ ပလက်ဖောင်း ကတ်တုံးများ ထုတ်လုပ်ဖြန့်ဖြူးသည့် စက်ရုံအလုပ်ရုံများ၊ မြို့ပြနှင့်အိမ်ရာတည်ဆောက်ရေးဆိုင်ရာ စီမံကိန်း လုပ်ငန်းခွင်များသို့ သွားရောက်လေ့လာခဲ့ကြပြီး ကွမ်ကျိုးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ယနေ့တွင် ပြည်လည်ရောက်ရှိကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်