ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ
(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်မြတ် အလှူခံရရှိတော်မူမည့် ဘဒ္ဒန္တသေဋ္ဌဉာဏာလင်္ကာရဆရာတော်ထံသို့ ပေးပို့ဆက်ကပ်သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်
ဝမ်းမြောက်စွာလျှောက်ထားအပ်ပါသည်ဘုရား-
ယခုနှစ် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ယမန်နှစ်ကုန်ပိုင်းနှင့် ယခုနှစ် နှစ်ဦးအစတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပနေကြောင်း သိရှိရပါသည်ဘုရား။
တပည့်တော်အနေဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး ရက်အရှည်ဆုံး ကျင်းပသည့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် တိပိဋကဓရ ဘွဲ့တံဆိပ်တော်ရ၊ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရဆရာတော်များ ပေါ်ထွန်းစေချင်သည့် ဆန္ဒရှိပါသည် ဘုရား။
ထို့ကြောင့်ပင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဆရာတော်ကြီးများ အပြီးသတ် ဆုံးဖြတ်၍ ထုတ်ပြန်လာမည့် အောင်စာရင်း စောင့်မျှော်နေခဲ့ရာ ဆရာတော်သည် ယခုနှစ် (၇၇) ကြိမ်မြောက် ကျင်းပသော စာမေးပွဲကြီးတွင် အဘိဓမ္ဓာ (နောက်ပိုင်း) ဖြစ်သော ယမကနှင့် ပဋ္ဌာန ဟူသော ခက်ခဲနက်နဲလှသော ကျမ်းနှစ်ဆူ၏ ခဲရာခဲဆစ်သဘောအဓိပ္ပာယ်များကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်၊ အရိုး ဝါကနက္ကဒဏ် ထီးဖြူတော်(၃)လက်အမှတ်တံဆိပ်ပါ သာသနာ့အောင်လံတော်ကို ခံယူရရှိမည်ဖြစ်သောကြောင့် အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ကာ ဖရဏာပီတိဂွမ်းဆီထိသကဲ့သို့ ခံစားရပါသည်ဘုရား။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အချက်အလက်များအရ ဆရာတော်သည် စစ်ကိုင်း တိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရွာဗုကြီးရွာတွင် ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၆၁ ခုနှစ်တွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇)မိုင်၊ စော်ဘွားလေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစာရကို ဥပဇ္စျာယ်ပြု၍ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်သည် ဂဏဝါစကသာမဏေကျော်၊ ပရိယတ္တိသာသနာလင်္ကာရ သာမဏေကျော်၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတ သာမဏေကျော်၊ မင်္ဂလာဗျူဟာသာမဏေကျော်၊ ပရိယတ္တိ သာသနဟိတသာမဏေကျော်များ၊ ၁၃၆၁ ခုနှစ်တွင် ပထမကြီးတန်း (ရန်ကုန်တိုင်းဒေသကြီး ပထမ၊ တစ်နိုင်ငံလုံးဒုတိယ) သာသနဓဇ ဓမ္မာစရိယ၊ နိကာယုဇ္ဇောတက ဝိနယဓရဓမ္မာစရိယ၊ နိကာယုဇ္ဇောတက အတ္ထဝိသာရဒ ဒီဃ ဘာဏက၊ နိကာယဝုဍ္ဎိသမိတိ ဝိနယ ကောဝိဒ၊ နိကာယဝုဍ္ဎိသမိတိ ဒီဃနိကာယကောဝိဒ၊ ပရိယတ္တိသာသန ဟိတဝိနယဓရ၊ ပရိယတ္တိ သာသနဟိတ ဒီဃဘာဏက၊ ကျောင်းတိုက်စာမေးပွဲ မဟာဂန္ထဝံသဒီဃာဂမ၊ မဟာဂန္ထဝံသ မူလ အဘိဓမ္မာဂမ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ-၁/၂၊ ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃ ဘာဏက၊ ဒီဃနိကာယကောဝိဒ၊ မူလအာဘိဓမ္မိက၊ မူလအဘိဓမ္မကောဝိဒစသည့် ဘွဲ့တော်များ အောင်မြင်ရရှိတော်မူပြီး ဆက်လက်၍ အားထုတ်တော်မူရာ ၁၃၇၉ ခုနှစ် ကျင်းပသော အကြိမ် (၇၀) မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်သုံးပုံဟု ဆိုအပ်သော ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်းတို့ကို ခက်ခဲနက်နဲစွာ လေ့လာကျက်မှတ်၍ သတ်မှတ်အချိန် သတ်မှတ်ရက်အတွင်း သတ်မှတ်စာမျက်နှာ သတ်မှတ် ကျမ်းစာများကို အာဂုံပြန်ဆိုနိုင်ခဲ့ပြီး အာဘိဓမ္မိကဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရဘွဲ့ တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ကြောင်း သိရှိရပါသည်ဘုရား။
တပည့်တော်များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် ယခုနှစ်ကျင်းပသော (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် သင်ရိုးပိဋကတ်တော် များ၏ အဖွင့်ကျမ်းများဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ နိဿယများလာ ခက်ခဲနက်နဲသော သဘောအဓိပ္ပာယ်တို့ကို ဆရာတော်၏ သဒ္ဓါစွမ်းအား၊ သတိစွမ်းအား၊ သမာဓိ စွမ်းအား၊ ပညာစွမ်းအားတို့ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီးဖြစ်၍ နိုင်ငံတော်မှဆက်ကပ်သော တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူမည်ဖြစ်ရာ ဆရာတော်သည် ပရိယတ္တိ သာသနာတော်အတွက် တပည့်ရဟန်းသံဃာများအား စာပေပို့ချခြင်းစသော သာသနာပြုလုပ်ငန်းများ ကျန်းမာချမ်းသာစွာဖြင့် ဆောင်ရွက်တော်မူနိုင်ပါမည့်အကြောင်း ယခုကဲ့သို့ တိပိဋကဓရ တိပိဋက ကောဝိဒ ဘွဲ့တံဆိပ်တော် ဆွတ်ခူးရရှိတော်မူသဖြင့် (၁၇) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းလာခြင်းကိုလည်း အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်း လျှောက်ထားအပ်ပါသည်ဘုရား။
မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ


