ဝါရှင်တန် ဇန်နဝါရီ ၂၆
အစ္စရေးနိုင်ငံသို့ ဗုံးအကြီးစားများ ပြန်လည်ပေးပို့ရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်စာတစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်က အစ္စရေး သို့ ဗုံးအကြီးစားများ ပေးပို့ခြင်းကို ၎င်းလက်ထက်တွင် ပိတ်ပင်ခဲ့သည်။ ဇန်နဝါရီ ၂၅ ရက်က နိုင်ငံအနောက် ပိုင်း နီဗာဒါပြည်နယ်မှ ဖလော်ရီဒါ ပြည်နယ်သို့ ဦးတည်သွားသော Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များနှင့် အင်တာဗျူးတစ်ခု၌ ဒေါ်နယ်ထရမ့်က အထက်ပါအတိုင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဂါဇာ၌ အရပ်သားသေဆုံးမှုများ မြင့်တက်လျက်ရှိစဉ် လက်နက်များအသုံးပြုမှုအပေါ် စိုးရိမ်မှုများကြောင့် သမ္မတ ဟောင်းဂျိုးဘိုင်ဒင်သည် ကြီးမားသော ဗုံးများကို အစ္စရေးနိုင်ငံသို့ တင်ပို့ရောင်းချမှုကို ပြီးခဲ့သည့်နှစ် မေလတွင် ရပ်ဆိုင်းခဲ့ ခြင်းဖြစ်ကြောင်း ABC TV နှင့် အခြား သတင်းရင်းမြစ်များက ဖော်ပြသည်။
အမေရိကန်နိုင်ငံ၌ သိုလှောင်သိမ်းဆည်းထားသည့် MK-84 ဗုံးအလုံးရေ ၁၈၀၀ ကို လာမည့်ရက်များတွင် အစ္စရေး နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း အမေရိကန်သတင်းဆိုက် Axios က ဖော်ပြခဲ့သည်။ ထို့ပြင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာရှ်နှင့် တွေ့ဆုံပြီး ဂါဇာကမ်းမြောင်ဒေသမှ ပြည်သူများကို ဂျော်ဒန်နိုင်ငံအတွင်းသို့ နေထိုင်ခွင့်ပြုရန် သမ္မတထရမ့်က တိုက်တွန်းပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများကို အီဂျစ်နိုင်ငံအနေဖြင့် အခြေချနေထိုင်ခွင့်ပြုရန်လည်း အီဂျစ်သမ္မတ အယ်လ်စီစီနှင့် တယ်လီဖုန်းမှ တစ်ဆင့် ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်ကဆိုသည်။
ဂါဇာကမ်းမြောင်ဒေသသည် ရာစုနှစ်များစွာကြာ ပဋိပက္ခများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပြီး လူများသေကျေ ပျက်စီးရသည့် နေရာတစ်ခုအဖြစ် ဒေါ်နယ်ထရမ့်က မှတ်ချက်ပြုပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်