စိုးသူရ

 

လေထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်တွင် နိုင်ငံအများအပြားကြုံတွေ့နေရသည့် အန္တရာယ်တစ်ခုဖြစ်သည်။ လေထုညစ်ညမ်းမှုကြောင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နာတာရှည် လေပြွန်ကျဉ်းရောဂါ၊ အဆုတ်ကင်ဆာ၊ အဆုတ်ရောင်ရောဂါ များ ဖြစ်ပွားနေသည်ကို နိုင်ငံအများအပြားတွင် တွေ့ရှိရသည်။

 

လေထုညစ်ညမ်းရသည့် အကြောင်းရင်းများတွင် စက်မှုလုပ်ငန်းများ ချဲ့ထွင်ခြင်း၊ တောမီးလောင်ခြင်း၊ သဲကန္တာရ အတွင်းရှိ ဖုန်မှုန့်များနှင့် စွန့်ပစ်အမှိုက်များကို လုံလောက်စွာ စီမံခန့်ခွဲမှုမပြုနိုင်ခြင်းတို့သည် အဓိက အကြောင်းရင်းများဖြစ်ပြီး လေထုညစ်ညမ်းမှုကြောင့် ဝင်ငွေနည်းနှင့် အလယ်အလတ်ရှိသောနိုင်ငံများတွင် ပြည်သူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ်များ ပိုမိုဆိုးရွားနေသည်ကို တွေ့ရှိရသည်။

 

ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်သုံး သယ်ယူ ပို့ဆောင်ရေးစနစ်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းနှင့် ပိုမိုကောင်းမွန်သော စည်ပင်သာယာရေး အမှိုက်စီမံခန့်ခွဲမှုတို့ကို ပံ့ပိုးပေးခြင်းဖြင့် လေထုညစ်ညမ်းမှု ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများကို လျှော့ချနိုင်မည်ဖြစ်သည်။ သန့်ရှင်းသော အိမ်သုံးစွမ်းအင်ကို သုံးစွဲခြင်းသည် အချို့ဒေသများတွင် ပတ်ဝန်းကျင်လေထုညစ်ညမ်း မှုကို လျော့ကျစေခဲ့သည်။

 

ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပွားနေသဖြင့် မကြာမီအချိန်က စာသင်ကျောင်း များပိတ်ခဲ့ရပြီး ကျန်းမာရေးဆိုင်ရာသတိပေးချက် များကို ထုတ်ပြန်ခဲ့ရသည်။ ပန်းနာရင်ကျပ်ရောဂါ ကဲ့သို့သောရောဂါများသည် လေထုညစ်ညမ်းမှု ဖြစ်ပွားသည့်ကာလများတွင် အသေအပျောက် အများဆုံးရောဂါဖြစ်သည်။

 

လေထုညစ်ညမ်းမှု ကာကွယ်ရေးအတွက် အောက်ပါအချက်များကို ဆောင်ရွက်သင့်သည်။

- အများသုံးသယ်ယူပို့ဆောင်ရေးတွင် လျှပ်စစ်သုံးယာဉ်များအသုံးပြုခြင်းဖြင့် လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုးရှိစေသည်။

- တောမီးများလောင်ကျွမ်းမှုကို ထိန်းချုပ်ခြင်းသည်လည်း တောမီးလောင်ကျွမ်းရာမှ ထွက်လာသည့် အဆိပ်သင့် ဓာတ်ငွေ့များကို တားဆီးနိုင်စေသဖြင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးတွင် ထိရောက်သည့် နည်းလမ်း ဖြစ်သည်။

- နိုင်ငံအများအပြားတွင်လည်း ယခုအခါ ဇီဝလောင်စာသုံးရထားကဲ့သို့သော ယာဉ်များကို သယ်ယူ ပို့ဆောင်ရေးတွင် အသုံးပြုလာသဖြင့် လေထုညစ်ညမ်းမှုကို လျော့ကျစေပြီး ကုန်ကျစရိတ်သက်သာစေသည့် အကျိုးကျေးဇူးများ ရရှိနေသည်။

- ထို့ပြင် ကမ္ဘာ့နိုင်ငံများတွင် လေထုညစ်ညမ်းမှု လျော့ကျရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ထိန်းချုပ်ရေးကိုလည်း ကြပ်မတ်ဆောင်ရွက်နေသည်။

 

လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ပြည်သူမျာအတွက် ဆိုးရွားသည့် အကျိုးဆက်များရှိနေသဖြင့် စနစ်တကျ စီမံခန့်ခွဲထိန်းချုပ်ရမည်ဖြစ်ကြောင်း အကြံပြုရေးသားအပ်ပါသည်။

 

ကိုးကား- လေထုညစ်ညမ်းမှုဆိုင်ရာ အင်တာနက်စာမျက်နှာများ