အာဆီယံနိုင်ငံအချို့မှ မြို့တော်များ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီးများစာရင်းတွင် ပါဝင်နေသည်ဟု ပြည်ပ သတင်းများအရ သိရသည်။ အခြားသတင်းတစ်ပုဒ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၏ ဇန်နဝါရီ ၆ ရက်နေ့ လေထုအရည်အသွေး (AQI) အညွှန်းကိန်းသည် အန္တရာယ်ရှိသည့် အနီရောင်အဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုသည်။

 

လေထုညစ်ညမ်းမှုဆိုသည်မှာ လူတို့အသက်ရှူနေကြရသည့် လေထုထဲတွင် အန္တရာယ်ရှိနိုင်သည့် ဓာတ်ပစ္စည်းများ၊ အမှုန်အမွှားများ၊ ဇီဝပစ္စည်းများ ရောနှောပါဝင်နေပြီး လေထုအရည်အသွေး ကျဆင်းနေသည့် အခြေ အနေပင်ဖြစ်သည်၊၊ လေထုထဲတွင် ကာဗွန်မိုနောက်ဆိုက်(CO)၊ ဆာလ်ဖာ ဒိုင်အောက်ဆိုက်(SO2)၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်(NO2) နှင့် အိုဇုန်း (O3)၊ (PM 2.5) နှင့် (PM 10) အမှုန်အမွှားများ စသည့်ညစ်ညမ်းပစ္စည်းများ အနည်းနှင့်အများဆိုသလို ရောနှောပါဝင်နေခြင်းအားဖြင့် လေထု ညစ်ညမ်းမှု ဖြစ်ပေါ်လာသည်၊၊ အဆိုပါညစ်ညမ်းပစ္စည်းများသည် ယာဉ်များ၊ စက်ယန္တရားများ မောင်းနှင်ခြင်း၊ ဆောက်လုပ်‌ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမှိုက်မီးရှို့ခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ဖုန်မုန်တိုင်းတိုက်ခတ်ခြင်း စသည်ဖြင့် လူသားတို့ကြောင့်ရော သဘာဝတရားအရပါ ထွက်ပေါ်လာရ ခြင်းဖြစ်သည်။

 

လေထုအတွင်း ညစ်ညမ်းပစ္စည်းများပါဝင်မှုပမာဏကို လိုက်၍ နိုင်ငံတကာလေထုအရည်အသွေးအညွှန်းကိန်း (Air Quality Index-AQI) အဆင့်များခွဲခြားသတ်မှတ်ထားရာ AQI ညွှန်းကိန်း သုညအဆင့် (ကောင်းမွန်သည့် လေ) မှ ညွှန်းကိန်းအဆင့် ၅၀၀ (အများပြည်သူ ကျန်းမာရေးကို ချက်ချင်းအန္တရာယ်ပေးနိုင်) သည့် အဆင့်အထိ စုစုပေါင်း ခြောက်ဆင့်ခွဲခြားကာ အရောင်သတ်မှတ်ချက်များဖြင့်ဖော်ပြပေးသည်၊၊ ညွှန်းကိန်းအဆင့် ၀ မှ ၅၀ အထိ (အစိမ်းရောင်- ကောင်းမွန်အဆင့်)၊ ညွှန်းကိန်း ၅၁ မှ ၁၀၀ အထိ (ပန်း‌ရောင်ဖျော့-အလယ်အလတ်အဆင့်)၊ ညွှန်းကိန်း ၁၀၁ မှ ၁၅၀ အထိ (ပန်းရောင်ရင့်- ထိခိုက်လွယ်သူများ အတွက် မကောင်းသည့်အဆင့်)၊ ညွှန်းကိန်း ၁၅၁ မှ ၂၀၀ အထိ (အနီဖျော့- ကျန်းမာရေးအတွက် မကောင်းသည့်အဆင့်)၊ ညွှန်းကိန်း ၂၀၁ မှ ၃၀၀ အထိ (အနီရင့်-ကျန်းမာရေးထိခိုက်စေသည့်အဆင့်)၊ ညွှန်းကိန်း ၃၀၁ နှင့်အထက် (အနီ‌ရောင်-ကျန်းမာရေးကို အန္တရာယ်ပေးသည့်အဆင့်) ဟူ၍သတ်မှတ်ထားရာ AQI ညွှန်းကိန်း ၁၅၀ ကျော်သည့်အဆင့်သို့ ရောက်ရှိလာပါက ပါးစပ်၊ နှာ‌ခေါင်းစည်း(Mask) များ ဝတ်ဆင်ရန် လိုအပ် ကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။

 

ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်းသည် အရည်အသွေးညံ့ဖျင်းသည့် လေကိုရှူနေကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောထားရာ သန့်ရှင်း‌သောလေကိုရှူရှိုက်ခွင့်ရရှိခြင်းသည် ရှားပါးသည့် အခွင့်အ‌ရေး တစ်ရပ်ဟုဆိုရမည်ပင်ဖြစ်သည်။ ဝင်ငွေနည်းသည့် နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများမှ ပြည်သူများမှာ လေကောင်းလေသန့် မရရှိသည့် ပြဿနာကို အများဆုံးရင်ဆိုင်နေကြရပြီး နှစ်စဉ်လူခုနစ်သန်း ခန့်သည် လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်၍ အချိန်မတိုင်မီ သေဆုံးနေရကြောင်းလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကပြောသည်။ ယင်းအနက် ၄ ဒသမ ၂ သန်းသည် အိမ်ပြင်ပလေထုညစ်ညမ်းမှုကြောင့် သေဆုံးရခြင်း ဖြစ်ပြီး ကျန် ၂ ဒသမ ၈ သန်းမှာ အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟုဆိုသည်။ လေထု ညစ်ညမ်းမှုဟူသည် နယ်နိမိတ် မရှိသည့်အလျောက် ပတ်ဝန်းကျင်နိုင်ငံများတွင် လေထုညစ်ညမ်းမှု အညွှန်းကိန်းမြင့်မားနေပါက ဆက်စပ်နေသည့် နိုင်ငံ၏နယ်နိမိတ်များကိုပါ ထိခိုက်နိုင်ခြေရှိနိုင်သည်။

 

လေထုညစ်ညမ်းမှုကို ထိန်းချုပ်လျှော့ချနိုင်ရန် ဥပဒေပြဋ္ဌာန်းခြင်း၊ အသိပညာပေးခြင်း နည်းလမ်းများဖြင့် လူတို့ကြောင့်ဖြစ်ပေါ်လာသည့် လေထုညစ်ညမ်းမှုများကို ထိန်းချုပ်သွားနိုင်သည်။ လယ်ယာစိုက်ခင်းများ အတွက် မီးရှို့ခြင်း၊ တောမီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်းများကို တားမြစ်ရန်နှင့် မြို့ပြဒေသများတွင် ယာဉ်သုံးစွဲမှုများကို လျှော့ချရန်၊ အများ သုံးသယ်ယူပို့ဆောင်မှုကိုမြှင့်တင်ရန်၊ ရုပ်ကြွင်းလောင်စာသုံးစွဲမှုများကို လျှော့ချရန်၊ အစားအစာချက်ပြုတ်မှုများတွင် ထင်း၊ မီးသွေး‌လောင်စာ သုံးစွဲမှုများကိုလျှော့ချရန် ပညာပေးခြင်းနှင့် နည်းပညာပိုင်းအရ အကူအညီပေးခြင်းတို့ ဆောင်ရွက်သွားရန်လည်းလိုသည်။ လေသည် လူတို့အတွက် အသက်ဓာတ်ပင်ဖြစ်ရာ လေထုညစ်ညမ်းပါက အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ကိုယ်ခံအားစနစ် ထိခိုက်သည့် ရောဂါစသည်တို့အပါအဝင် ရောဂါအများအပြား ဖြစ်ပွားနိုင်ပြီး ကလေးသူငယ်များနှင့် သက်ကြီးပိုင်းများ၊ နာတာရှည်ရောဂါ ခံစားနေရသူများကို အထိခိုက်ဆုံး ဖြစ်စေနိုင်သည်။

 

လေသည် လူ၏အသက်ဖြစ်ပြီး လေထုသန့်ရှင်းမှသာ လူတို့ကျန်းမာ မည်ဖြစ်သည့်အလျောက် လေထုညစ်ညမ်းမှု လျှော့ချရေး၊ လေထုသန့်ရှင်းရေးတွင် လူတိုင်းကိုယ်စီ အသိတရားရှိရှိပါဝင်ကြရပါမည့် အကြောင်း။

 

မြန်မာ့အလင်း