ကြို့ပင်ကောက် ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၀၁ ဒသမ ၇၅ သန်းဖြင့် စိုက်ပျိုးမြေ ဧက ၄၀၀ ကျော် အကျိုးပြုပေးနိုင်မည့် ကျွန်းနက်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို ဇူလိုင်လ စတုတ္တအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ၊ ကုန်ထုတ်တံတားများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် ကြို့ပင်ကောက် မြို့နယ်အတွင်းရှိ ကျွန်းနက်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၃၇၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ နှစ်ပေထု ဂဝံမြေနီ ကိုးလက်မထု ခင်းခြင်းလုပ်ငန်းနှင့် ကုန်ထုတ်တံတားအဖြစ် Slab Culvert သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၀၁ ဒသမ ၇၅ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ ဇူလိုင်လ စတုတ္ထအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က ပြောပြ၍ သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သယာဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဇော်နှင့် တာဝန်ရှိသူများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ကျွန်းနက်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
အဆိုပါ ကျွန်းနက်ကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နိုင်မှုကြောင့် ကျွန်းနက်ကုန်းကျေးရွာနှင့် တောင်ပို့ပြောင်ကျေးရွာတို့ရှိ လူဦးရေ ၁၂၃၈ ဦးတို့၏ စိုက်ပျိုးမြေဧက ၄၃၀ ဧကကျော်ကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


