မြိတ် ဇန်နဝါရီ ၂၇

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ယခုနှစ် ပွင့်လင်းရာသီ၌ ကွမ်းသီးခြောက် အထွက်နည်းပါး၍ ကွမ်းသီးများ ဈေးကောင်းရရှိနေကြောင်း ဒေသခံ ကွမ်းသီးစိုက်ခြံရှင်များထံမှ သိရသည်။

 

မြိတ်မြို့နယ်တွင် ယခင်မိုးရာသီအချိန်က တရုတ်နိုင်ငံမှ ကွမ်းသီးနုများကို ဈေးကောင်းဝယ်ယူသည့်အတွက် ခြံရှင်များက ကွမ်းသီးနုများကို ခူးဆွတ်ရောင်းချခြင်း များပြားခဲ့သည်။ ယခုနှစ်တွင် ကွမ်းသီးအထွက်နည်းပါးသလို ဈေးကွက်အတွင်း ကွမ်းသီးခြောက် အဝင်နည်းပါးသည့်အတွက် ဝယ်လိုအားနှင့် ရောင်းလိုအားမမျှသောကြောင့် ကွမ်းသီးခြောက်များ ဈေးကောင်းရရှိနေကြောင်း သိရသည်။

 

ယခုနှစ် ပွင့်လင်းရာသီတွင် မြိတ်ဒေသဈေးကွက်အတွင်းသို့ ကွမ်းသီးခြောက်များ အဝင်နည်းပါးသည့်အတွက် ကွမ်းသီးခြောက်များ ဈေးမြင့်တက်ကာ ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်းနှင့် ယခင်နှစ်များက တနင်္သာရီမြို့နယ်ဘက်မှ ထွက်ရှိသော ကွမ်းသီးများ မြိတ်ဒေသဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော်လည်း ယခုနှစ်တွင် တနင်္သာရီမြို့နယ်ဘက်မှ ကွမ်းသီးခြောက်များ ဝင်ရောက်မှုနည်းပါးကြောင်း သိရသည်။

 

မြိတ်မြို့နယ်တွင် ယခင်နှစ် ဇွန်၊ ဇူလိုင် ကွမ်းသီးနုပေါ်ချိန်၌ ကွမ်းသီးနုများကို တရုတ်ဝယ်လက်များက ဈေးကောင်းပေးဝယ်ယူမှုများခြင်းကြောင့် ဒေသခံကွမ်းသီးစိုက် တောင်သူများက ကွမ်းသီးခြောက်သည့်အချိန်ထိ မစောင့်ဘဲ ခူးဆွတ်ရောင်းချခဲ့သဖြင့် ယခုနှစ် ပွင့်လင်းရာသီအချိန် ကွမ်းသီးခြောက်များ အထွက်နည်းပါး၍ ဈေးကွက်အတွင်းတွင် ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း ဒေသခံဥယျာဉ်ခြံစိုက်တောင်သူများထံမှ သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကွမ်းသီးများကို ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ မြိတ်၊ တနင်္သာရီ၊ ကျွန်းစု၊ ဘုတ်ပြင်း စသည့်မြို့နယ်များ၌ အဓိက စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ပြီး တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ယခင်နှစ်များက ကွမ်းသီးအထွက်နှုန်း များပြားကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)