ပေါင်းတည် ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်တွင် တောင်သူများ၏ စိုက်ပျိုးမြေပြုပြင်ရေးအတွက် သဘာဝမြေဩဇာပင်များ စိုက်ပျိုးနိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ မျိုးသန့်ခြံ၌ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်း ၁၂ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
စိုက်ပျိုးမြေနေရာအနှံ့တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်ပင်)များ ထည့်သွင်းမြှုပ်နှံထားခြင်းအားဖြင့် ဆုံးရှုံးသွားသော မြေဆီဩဇာများ ပြန်လည်ဖြစ်ထွန်းလာစေနိုင်ကြောင်း သိရသည်။ စိုက်ပျိုးမြေပြုပြင်နိုင်စေရေးအတွက် ပိုက်ဆံလျှော်ပင် အများအပြား စိုက်ပျိုးထုတ်လုပ်ရန် မျိုးစေ့ထုတ် ပိုက်ဆံလျှော်စိုက်ခင်းများ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ တောင်သူများသို့ ထိုမျိုးစေ့များအားဖြန့်ဝေ၍ ပိုက်ဆံလျှော်ပင်များ စိုက်ပျိုးစေကာ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုခြင်းဖြင့် သီးနှံများအရည်အသွေးမီ ဖြစ်ထွန်းအောင်မြင်နိုင်ကြမည်ဖြစ်ကြောင်း ပေါင်းတည် မျိုးသန့်ခြံမျိုးစေ့ထုတ်ဌာနခွဲ တာဝန်ခံ ဒေါ်ဌေးဌေးတင်က ရှင်းပြသည်။
အဆိုပါ မျိုးစေ့ထုတ် ပိုက်ဆံလျှော်ပင်များကို မျိုးသန့်ခြံအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှစတင်၍ ၁၂ ဧက စိုက်ပျိုးထားကြောင်း၊ ယခုအခါ ၄၅ ရက်သား ရှိနေကြပြီး ဖူးပွင့်နေကြပြီ ဖြစ်ကြောင်း၊ နောက်ထပ် ရက်ပေါင်း ၆၀ ကြာလျှင် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ရွှေသား( ပြန်/ဆက်)