ရန်ကုန် ဇန်နဝါရီ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် စိုက်ပျိုးထားသော သီးထပ်ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။ ပိုးမွှားအန္တရာယ်နည်းပါးမှု၊ ရာသီဥတုအခြေအနေ ကောင်းမွန်မှုကြောင့် အထွက်နှုန်းကောင်းနိုင်မည်ဟု သိရသည်။ သို့သော် ပဲဆွတ်ခူးချိန်တွင် လုပ်သားရှားပါးမှုနှင့် ကြုံတွေ့နေရသောကြောင့် အချိန်မီ မဆွတ်ခူးနိုင်မည်ကို စိုးရိမ်ရကြောင်း တောင်သူများထံမှ သိရသည်။

 

သုံးခွမြို့နယ် အနောက်ကျေးရွာမှ ပဲတီစိမ်း(ရေဆင်း- ၁၁) အမျိုးအစား စိုက်ပျိုးသူတောင်သူ ဦးလှလေးက “ပဲစိုက်ထားတာ ဒီနေ့ ဇန်နဝါရီ ၂၅ ရက်ဆိုရင် ၅၅ ရက်ရှိပြီ၊ အောင်မြင်ဖြစ်ထွန်းပြီး အခြေအနေ ကောင်းပါတယ်။ နောက် ၂၀ ရက်ဆိုဆွတ်ခူးလို့ရပြီ။ ပဲထွက်ကောင်းအောင်နဲ့ ပိုးမွှား အန္တရာယ်မကျအောင် မှိုဆေး၊ အပင်အားဆေး၊ အသီးအားဆေး၊ ပိုးမွှားကာကွယ်ဆေး ငါးရက်တစ်ခါ ဖျန်းပေးရတယ်။ ပဲဆွတ်ခူးချိန် အချိန်အခါမဲ့ မိုးမရွာဖို့၊ ပဲပေါ်ချိန်မှာ ပဲဈေးကောင်းဖို့ မျှော်လင့်နေရတယ်”ဟု ပြောကြားသည်။ သုံးခွမြို့နယ်တွင် ပဲတီစိမ်း (ရေဆင်း) နှင့် (ရွှေဝါ)အမျိုးအစား နှစ်မျိုးကို အဓိကစိုက်ပျိုးကြပြီး နှစ်လခွဲ (၇၅ ရက်) အကြာတွင် ဆွတ်ခူးနိုင်ကြောင်း သိရသည်။

 

ပဲတီစိမ်းကို နိုဝင်ဘာလ စတုတ္ထပတ်နှင့် ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ဖြိုင်ဖြိုင်ပေါ်သည်။ သုံးခွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ မြို့မနှင့် ကျေးရွာအုပ်စု ၆၄ အုပ်စုတွင်ဆောင်းသီးနှံ သီးထပ်ပဲတီစိမ်း ၁၃၉၅၇၆ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကိုကျော်(သုံးခွ)