ရန်ကုန် ဇန်နဝါရီ ၂၇ 

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၁၁)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၆) တို့၏ သင်တန်းဖွင့်ပွဲကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းသား၊ သင်တန်းသူ အရာရှိကြီးများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိသူများဖြစ်၍ တစ်ဦးချင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအလိုက်ရှိရမည့် အရည်အချင်းများ ပြည့်မီရန် လိုအပ်ကြောင်း၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း ပြည်တွင်း စီးပွားရေး၊ နိုင်ငံရေး ခိုင်မာမှုအင်အား၊ ကာကွယ်ရေးစွမ်းပကား ဟူသော “အား” သုံးအားကို ကြိုးစားတည်ဆောက်သွားရန်လိုကြောင်း၊ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံ၊ ထောင့်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းသား၊ သင်တန်းသူအရာရှိကြီးများ၏ စုပေါင်းအားဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် နိုင်ငံတော်၏မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ရသည့် အရာရှိကြီးများကလည်း ပြည်သူလူထုအတွက် မြန်ဆန်တိကျသည့် ဝန်ဆောင်မှုပေးကြရန်၊ နိုင်ငံတော်အစိုးရက ချမှတ်ထားသည့်မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ပြီး မိမိတို့၏ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု အရည်အသွေးများ အစဉ်တိုးတက်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း၊ အမှတ်စဉ်(၁၁)သို့ သင်တန်းသား (၁၄)ဦး၊ သင်တန်းသူ (၆)ဦး၊ စုစုပေါင်း (၂၀)နှင့် အဆင့်မြင့်အရာထမ်းသင်တန်း၊ အမှတ်စဉ်(၂၆)သို့ သင်တန်းသား (၁၈)ဦး၊ သင်တန်းသူ (၂၄)ဦး၊ စုစုပေါင်း (၄၂)ဦး တက်ရောက်ကြပြီး သင်တန်းကို ယနေ့မှစ၍ မတ် ၂၆ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်