နေပြည်တော် ဇန်နဝါရီ ၂၇

 

နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် လောင်းကစားမှု (Online Gambling) များအား တားဆီးနှိမ်နင်းရေးဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှု ကြီးကြပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးများ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တို့မှ ရဲတပ်ဖွဲ့မှူးများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက Online Scams လုပ်ငန်းများသည် ငွေကြေးလိမ်လည်မှုအပြင် လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှုတို့နှင့် ဆက်စပ်လုပ်ဆောင်လာမှု၊ အခက်အခဲများ ကြုံတွေ့နေရသော နိုင်ငံခြားသားများကို ကူညီရှာဖွေကယ်တင်၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးနေမှု၊ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်လာမှု၊ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှု၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့အပေါ် အခြေခံ၍ အရေးယူဆောင်ရွက်ခြင်းမပြုမှု၊ မြန်မာ - တရုတ် နှစ်နိုင်ငံ ပူးပေါင်းပြီး Online Scams နှင့် Online Gambling တိုက်ဖျက်ရေး ဆောင်ရွက်နေမှု၊ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံတို့အကြား Shared responsibility ဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု၊ လိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် အဓိကအခြေခံ အဆောက်အအုံ၊ လျှပ်စစ်ဓာတ်အား၊ အခြေခံစားသုံးကုန်များနှင့် အင်တာနက်ဆက်သွယ်မှုတို့ကို အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် ရယူသုံးစွဲနေမှု၊ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြည်ပနိုင်ငံသားများက လုပ်ဆောင်နေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာန (Police Cooperation Center) ထူထောင်၍ ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာ - တရုတ် - ထိုင်း ၃ နိုင်ငံအကြား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် ဆောင်ရွက်ရန်လိုအပ်မှု၊ အဆိုပါနိုင်ငံများအကြား Task Force တစ်ရပ်ဖွဲ့စည်း၍ Action Plan ရေးဆွဲပြီး ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများအား လုပ်ထုံးထုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မှုနှင့် ပြည်နှင်လွှဲပြောင်းမှုနှင့် ဗဟိုကော်မတီအတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scams) နှင့် လောင်းကစားမှု (Online Gambling) များကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေမှု၊ အဆိုပါမှုခင်းဖြစ်စဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ရဲဆက်သွယ်ရေးလမ်းကြောင်း အသီးသီးမှတစ်ဆင့် နိုင်ငံတကာရဲတပ်ဖွဲ့များသို့ သတင်းဖလှယ်ဆောင်ရွက်နေမှု၊ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scams) တိုက်ဖျက်ရေးအတွက် နိုင်ငံတကာတရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ မြန်မာနိုင်ငံအတွင်း အခက်အခဲများ ကြုံတွေ့နေသော နိုင်ငံခြားသားများအား ရှာဖွေကူညီကယ်တင် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

 

ယင်းနာက် အစည်းအဝေးတက်ရောက်သူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်