နေပြည်တော်၊ ဇန်နဝါရီ ၂၇

 

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး စီမံခန့်ခွဲမှုကော်မတီ၏ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ စီမံ ခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုနေ့အခမ်းအနားသည် နှစ်စဉ်ပုံမှန် ကျင်းပနေသည့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဘက်စုံထောင့်စုံမှ စီမံဆောင်ရွက်ကြရန်နှင့် ယခင်နှစ်က ကျင်းပခဲ့သည့် အခမ်းအနားတွင် ကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာရယူကာ ပြန်လည်သုံးသပ်၍ ယခုနှစ်တွင် ပိုမိုကောင်းမွန်ပြည့်စုံအောင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ထို့နောက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်