နေပြည်တော် ဇန်နဝါရီ ၂၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန် ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင် အားကစားခန်းမအား စစ်ဆေးပြီး လက်ဝှေ့သင်တန်း လေ့ကျင့်သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးကာ အားကစားသမားများ အသုံးပြုလျက်ရှိသည့် (အမျိုးသား/ အမျိုးသမီး) အဝတ်လဲခန်းအား ပြန်လည်ပြုပြင်ဆောင်ရွက်ရေးကို မှာကြားသည်။
ထို့နောက် (အမျိုးသား/အမျိုးသမီး) ကာယဗလ အားကစားရုံ၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း၊ မြိတ်ခရိုင် မြို့မအားကစားကွင်းနှင့် တင်းနစ်အားကစားကွင်းတို့ကိုလည်းကောင်း၊ အားကစား ကွင်းအတွင်း ကျောင်းသား/ ကျောင်းသူများ၏ ပြေးခုန်ပစ်လေ့ကျင့်နေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက အများပြည်သူများ လွတ်လပ်စွာ လာရောက် လေ့ကျင့်ကစားနိုင်ရေး၊ ဝါသနာပါသည့် အားကစားသမားများကို ဖိတ်ခေါ်၍ စနစ်တကျ လေ့ကျင့် သင်ကြားပေးနိုင်ရန်အတွက် လိုအပ်သည့်အားကစားပစ္စည်းများကို ပံ့ပိုးကူညီပေးရေး၊ အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စိမ်းလန်းစိုပြေစေရေးတို့နှင့် စပ်လျဉ်း၍ မှာကြားသည်။
ယင်းနောက် မြိတ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး က မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အဘက်ဘက်မှ ပံ့ပိုးအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့တိုင်းဒေသကြီးကိုယ်စားပြု လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားရန်လိုကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


