ဆရာကြည်
(၁၃-၁-၂၀၂၅ ရက်နေ့မှအဆက်)
“မဟာနာမ” မင်းကြီးသည် ကောသလမင်း၏ အလွန်ချစ်ကျွမ်းဝင်သူ (ဝလ္လဘ) ဟု အမည်ပေးလိုက် ပါသည်။ လွှတ်လိုက်သော သံတမန်အမတ်သည် နားလေး၍ နားကြားလွဲပြီး ဝိဋဋူဘဟုမှတ်ယူကာ မင်းကြီးအား “ဝိဋဋူဘ” ဟု အမည်ပေးလိုက်ကြောင်း လျှောက်ထားသည်။ မင်းကြီးကလည်း မင်းသားအား “ဝိဋဋူဘ”ဟု အမည်ပေးပြီး ချစ်မြတ်နိုးလှသဖြင့် ငယ်ရွယ်စဉ်ကပင် စစ်သူကြီး အရာ ပေးထားလေသည်။
“ဝိဋဋူဘ”သည် တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သော် ကပိလဝတ်ပြည်သို့သွား၍ အဘိုး အဘွားများကို ဖူးမြော်ရန် မိဘများကိုပန်ကြားပြီး သာဝတ္ထိပြည်မှ အခြွေအရံများနှင့် ထွက်ခွာလာလေ သည်။ ဝိသဘခတ္တိယာမိဖုရားသည် သူ့သားကို ဇာတိမာန်မပြဘဲ ပျူငှာစွာဆက်ဆံကြရန် သာကီဝင် မင်းတို့ထံသို့ ကြိုတင်၍ လျှို့ဝှက်စွာအကြောင်း ကြားထားလေသည်။
သာကီနွယ်မင်းတို့သည် “ဝိဋဋူဘ” လာသည်ကို ကြားလျှင် သူ့ကိုမရှိခိုးနိုင်သဖြင့် သူ့ထက်ငယ်သော မင်းသားတို့ကို ဇနပုဒ်သို့ စေလွှတ်ထားလေသည်။ သူတို့သည် မင်းကွန်း၌ စုဝေးနေကြပါသည်။ “ဝိဋဋူဘ” မင်းသားသည် မင်းကွန်းသို့ဝင်သွားသော် သာကီနွယ်မင်းတို့က “ချစ်သား ဤသူကား ဘွားတော်တည်း၊ ဤသူကား သင့်ဦးရီးတော်တည်း” ဟူ၍ ရှိခိုးစေသည်။ ၎င်းမင်းသားသည် လှည့်လည် ပြီး အားလုံးကို ရှိခိုး၍ မိမိအားတစ်ဦးတစ်ယောက်မျှ ရှိခိုးသည်ကိုမမြင်သဖြင့် “ကျွန်ုပ်ကိုရှိခိုးမည့် သာကီဝင်မင်းတို့ မရှိကြဘူးလား” ဟု မေးလေသည်။ သာကီနွယ်မင်းတို့က “သင့်ထက်ငယ်သော မင်းညီများသည် ဇနပုဒ်သို့သွားနေကြ၍ မရှိခိုးရခြင်းဖြစ်ကြောင်း” ပြောလေသည်။
သာကီနွယ်မင်းတို့က “ဝိဋဋူဘ”အား ကြီးကျယ်စွာ ဧည့်ခံကြသည်။ မင်းသားသည် နှစ်ရက်၊ သုံးရက် နေပြီး အခြံအရံများစွာဖြင့် ကပိလဝတ်ပြည်မှ ထွက်ခဲ့သည်။ ထိုအခါ ကျွန်မတစ်ဦးသည် မင်းကွန်း၌ “ဝိဋဋူဘ”ထိုင်သွားသောနေရာကို နို့ရည်ဖြင့် ဆေးကြောပြီး “ကျွန်မသားထိုင်သွားသည့် နေရာတည်း” ဟု ဆဲဆိုနေလေသည်။
ထိုအခါ၌ “ဝိဋဋူဘ” မင်းသား၏ မင်းချင်းတစ်ဦးသည် မေ့ကျန်ခဲ့သည့် လက်နက်ပစ္စည်းပြန်ယူရာတွင် ကျွန်မဆိုဆဲနေသည်ကိုကြား၍ မေးမြန်းစုံစမ်းသောအခါ “ဝိသဘခတ္တိယာ” သည် ကျွန်မသမီး ဖြစ်ကြောင်း ရှင်းပြလေသည်။ ထိုမင်းချင်းကလည်း မင်းသားအား ဤအကြောင်းကို ပြောပြလေသည်။ “ဝါသဘခတ္တိယာ” သည် ကျွန်မ၏သမီးဖြစ်သတဲ့ဟူ၍ အုတ်အုတ်ကျက်ကျက်ဖြစ်ကြလေသည်။
“ဝိဋဋူဘ” မင်းသားသည် ဤအကြောင်းကြားရသော် အမျက်ဒေါသထွက်၍ “ငါမင်းဖြစ်လျှင် သာကီဝင်မင်းတို့၏ လည်ချောင်းသွေးဖြင့် ငါထိုင်သည့်နေရာကို ဆေးကြောအံ့”ဟူ၍ ကြံစည်ကာ သာဝတ္ထိပြည်သို့ ပြန်လာလေသည်။
ကောသလမင်းကြီးသည် ထိုအကြောင်းကိုသိလျှင် ဒေါသထွက်လျက် မိဖုရား ဝါသဘခတ္တိယာ ကို မိဖုရားရာထူးမှလည်းကောင်း၊ သားတော် ဝိဋဋူဘကို စစ်သူကြီးရာထူးမှလည်းကောင်း ချထားလေသည်။ နှစ်ရက်၊ သုံးရက် ကြာသောအခါ ဘုရားရှင်သည် နန်းတော်သို့ကြွလာရာ ကောသလ မင်းကြီးက ဤအကြောင်းအရာများကို တင်ပြလျှောက်ထားလေသည်။
ဘုရားရှင်က အရှင်မင်းကြီး သာကီဝင်မင်းတို့သည် မသင့်လျော်သော အမှုကိုပြုကြသည်။ သို့သော် ဝါသဘခတ္တိယာသည် မဟာနာမ၏ သမီးတော်ဖြစ်သည်သာမက ဘိသိက်သွန်းခံရသည့် မိဖုရားကြီး ဖြစ်သည်။ “ဝိဋဋူဘ” မင်းသားသည် သင်မင်းကြီးကိုအစွဲပြု၍ သားတော်ဖြစ်သည်။ စင်စစ် အမိအနွယ် သည် အဓိကမဟုတ်၊ အဖအနွယ်သာ ပဓာနဖြစ်သည်။ ရှေးပညာရှိ မင်းတို့သည် ထင်းခွေသည်မအား မိဖုရားမြှောက်၍ ဖွားမြင်လာသော သားတော်ကိုလည်း မင်းမြှောက်ခဲ့ဖူးလေပြီဟု “ကဋ္ဌဝါဟန ဇာတ်တော်”ကို ဟောကြားလေသည်။
ထိုအခါ ကောသလမင်းကြီးသည် မိဖုရားဖြစ်သည့် ဝါသဘခတ္တိယကို မိဖုရားအရာပြန်ထားပြီး သားတော်ဝိဋဋူဘကိုလည်း သူ၏မူလရာထူးနေရာ တွင် ပြန်ထားလေသည်။
ဘုရားရှင်ကို စူဠသုဘဒ္ဒါပင့်၍ ဥဂ္ဂမြို့သို့ကြွခြင်း
ဥဂ္ဂမြို့၌ ဥဂ္ဂမည်သော သူဌေးတစ်ဦးရှိသည်။ ၎င်းသည် အနာထပိဏ်သူဌေးနှင့် သူငယ်ချင်းဖြစ်သည်။ ၎င်းတို့သည် ကျောင်းနေဖက်ငယ်သူငယ်ချင်းများဖြစ်ကြပြီး တစ်ဦးကိုတစ်ဦး ချစ်ခင်သော မိတ်ဆွေများ ဖြစ်ကြပါသည်။ တစ်နေ့သောအခါ ဥဂ္ဂသူဌေးသည် ကူးသန်းရောင်းဝယ်မှုပြုလုပ်ရန် လှည်းငါးရာဖြင့် သာဝတ္ထိပြည် အနာထပိဏ်သူဌေး အိမ်သို့ရောက်လာသည်။ ထိုအခါ အနာထပိဏ်သူဌေးသည် သူ၏သမီး စူဠသုဘဒ္ဒါကို ၎င်းအား ပြုစုဧည့်ခံရန် တာဝန်ပေးလေသည်။
ဤသို့ဖြင့် စူဠသုဘဒ္ဒါကလည်း ဖခင်ပြောသည့်အတိုင်း ဥဂ္ဂသူဌေးအား ဝတ်ကြီးဝတ်ငယ်ဖြင့် ပြုစုလေသည်။ ဥဂ္ဂသူဌေးသည် စူဠသုဘဒ္ဒါ၏ ပြုစုပေးမှုကို သဘောကျသည်။ ၎င်းသည် အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်သည်ကို သတိပြုမိသည်။ ဥဂ္ဂသူဌေးနှင့် အနာထပိဏ်သူဌေးတို့သည် သူတို့ အိမ်ထောင်မကျမီကပင် သူတို့အိမ်ထောင်ကျ၍ သားသမီးရကြသော် ပေးစားကြစတမ်းဟု ကတိပြုထားသည်။ ထိုကတိအတိုင်း ဥဂ္ဂသူဌေးက စူဠသုဘဒ္ဒါအား သူ့သားနှင့်ထိမ်းမြားပေးရန် သူငယ်ချင်း အနာထပိဏ်သူဌေးထံ တောင်းခံလ သည်။
အနာထပိဏ်သူဌေးသည် မိစ္ဆာအယူရှိသော ဥဂ္ဂသူဌေးထံသို့ သူ့သမီးကို သူ့ဆုံးဖြတ်ချက်ဖြင့် မထည့်လိုသဖြင့် ဘုရားရှင်ထံသို့သွား၍ အကျိုးအကြောင်းပြော လျှောက်ထားလေသည်။ ဘုရား ရှင်ကလည်း ထိုဥဂ္ဂသူဌေးသည် သောတာပန် ဖြစ်မည်ကိုမြင်၍ ခွင့်ပြုတော်မူလိုက်သည်။ ထို့ကြောင့် အနာထပိဏ်သူဌေးသည် သူ၏ဇနီးပုညလက္ခဏာနှင့် နေ့ကောင်းရက်သာရွေး၍ ကြီးကျယ် ခမ်းနားသော ထိမ်းမြားမင်္ဂလာအခမ်းအနားပြုလုပ်ပြီး စူဠသုဘဒ္ဒါအား သြဝါဒဆယ်ချက်ဖြင့် ဆုံးမလေသည်။ ထို့အပြင် သူ့သမီးအားဆုံးမပေးရန် သူကြွယ်ပညာရှိရှစ်ဦးကို အာမခံပုဂ္ဂိုလ်အဖြစ် ထည့်ပေးလိုက်လေသည်။
သမီးကို ဥဂ္ဂသူဌေးအိမ်သို့ ပို့မည့်နေ့၌ ဘုရားရှင် အမှူးပြုသော သံဃာတော်များကို အလှူကြီးပေးပြီး မှ သမီးကို အခြွေအရံများခြံရံလျက် ဥဂ္ဂသူဌေးအိမ်သို့ ပို့လွှတ်လိုက်လေသည်။ ဥဂ္ဂမြို့သို့ စူဠသုဘဒ္ဒါ ရောက်သောအခါ လိမ္မာပါးနပ်သူတစ်ဦးဖြစ်သဖြင့် ဥဂ္ဂမြို့သူမြို့သားတို့အားသူ၏ဘုန်းကံကျက်သရေ ကိုပြလျက် ၎င်းတို့နှင့်ခင်မင်ရင်းနှီးမှုဖြစ်အောင် ပြုလုပ်ဆောင်ရွက်သည်။ ဥဂ္ဂသူဌေးကလည်း သူ၏သားနှင့် စူဠသုဘဒ္ဒါအား ကြီးကျယ်ခမ်းနား သောမင်္ဂလာပွဲကြီး ပြုလုပ်ပေးလေသည်။
ဥဂ္ဂသူဌေးသည် မိစ္ဆာအယူရှိသော ပုဂ္ဂိုလ်ဖြစ်သည့်အတွက် မင်္ဂလာပွဲကျင်းပသည့်နေ့၌ အဝတ်မဝတ်သော အစေလကတက္ကတွန်းတို့အား ပင့်ဖိတ်၍ ကျွေးမွေးပူဇော်လေသည်။ ဥဂ္ဂသူဌေး သည် “ငါ့ချွေးမ လာရောက်၍ ငါတို့၏ဆရာရဟန်းတို့ကို ရှိခိုးလော့”ဟု ခေါ်ခိုင်းလေသည်။ စူဠသုဘဒ္ဒါသည် အဝတ်မဝတ်သော တက္ကတွန်းတို့ကိုရှက်၍ မကြည့်ဝံ့သောကြောင့် ဥဂ္ဂသူဌေး၏စကား ကို ငြင်းပယ်လေသည်။ ဥဂ္ဂသူဌေးသည် သူ့ချွေးမအား အကြိမ်ကြိမ်ခေါ်သော်လည်းမလာသဖြင့် ဒေါသ ထွက်လေသည်။
ဥဂ္ဂသူဌေးသည် “ဤချွေးမယုတ်ကို ငါ့အိမ်ကနှင်ထုတ်ကြလော့”ဟု ပြောဆိုလေသည်။ စူဠသုဘဒ္ဒါ သည် သူ၏ဖခင်က အတူထည့်ပေးလိုက်သော သူကြွယ်ပညာရှိရှစ်ဦးကိုခေါ်၍ သူ့အားဆုံးမရန် ခေါ်ခိုင်းပြီး မျက်နှာစုံညီအစည်းအဝေး ပြုလုပ်ကြသည်။ ထိုသူကြွယ်ပညာရှိများကလည်း နှစ်ဖက်စကားများ နားထောင်ပြီး စူဠသုဘဒ္ဒါတွင် အပြစ်မရှိကြောင်း ဥဂ္ဂသူဌေးအား ပြောကြားလေသည်။
ဥဂ္ဂသူဌေးသည် သူ၏သူဌေးကတော်အားခေါ်၍ “ရှင်မရေ ဤငါတို့ချွေးမ စူဠသုဘဒ္ဒါသည် ငါတို့၏ ရဟန်းများကို အရှက်မရှိသူများဟုဆိုကာ မရှိခိုးချေ” ဟု ပြောဆိုလေသည်။ ထိုအခါ သူဌေးကတော် က စူဠသုဘဒ္ဒါအားခေါ်၍ “ချစ်သမီး သင်တို့ကိုးကွယ်သည့် ရဟန်းတို့ကို အလွန်ပင်ချီးမွမ်းဘိ၏။ ဤရဟန်းတို့၏ အကျင့်သီလသိက္ခာတို့ကို ငါ့အားပြောပြပါ” ဟု ဆိုလေသည်။ ထိုအခါ စူဠသုဘဒ္ဒါ သည် ဘုရားရှင်နှင့်တကွသော ဂုဏ်ကျေးဇူးတော်များကို ခုနစ်ဂါထာဖြင့် ရှင်းလင်းချီးမွမ်းပြောကြား လေသည်။ စူဠသုဘဒ္ဒါ၏ ယောက္ခမ,အမကြီးသည် စူဠသုဘဒ္ဒါ၏ ပြောကြားချက်ကို နှစ်သက်တော် မူလေသည်။ သူဌေးကတော်ကလည်းဆက်၍ “ချစ်သမီး သင်သည် သင်၏ဆရာနှင့်တကွ ရဟန်း သံဃာတော်များကို ငါတို့အားပြသနိုင်ပါ၏လော့”ဟု ဆိုလေသည်။ စူဠသုဘဒ္ဒါကလည်း ပြနိုင်ပါ၏ဟု ဆိုလျှင် သူဌေးကတော်က “သင့်တို့ဆရာ ဘုရားကို ပင့်ဆောင်၍ ပူဇော်ပါ၊ ကြိုက်သလိုစီမံပါ” ဟု ခွင့်ပေး လေသည်။
စူဠသုဘဒ္ဒါသည် ဘုရားနှင့်တကွသော ရဟန်းသံဃာများအတွက် လှူဖွယ်ပစ္စည်းများ စီစဉ်တော်မူသည်။ ပြာသာဒ်အထက်သို့တက်၍ အဓိဋ္ဌာန်ပြုလေသည်။ ဇေတဝန်ကျောင်းတော်ဘက်သို့ မျက်နှာမူပြီး ဘုရားရှင်အားရည်မှန်း၍ ထိခြင်းငါးပါးဖြင့် ရိုသေစွာရှိခိုးပြီးလျှင် “ဘုရားရှင်၏ အရဟံ စသော ဂုဏ်တော်တို့ကိုဆင်ခြင်၍ ပန်းနံ့သာတို့ဖြင့် ပူဇော်လေသည်။ ထို့အပြင် မြတ်စွာဘုရား မနက်ဖြန် ဘုရားအမှူးရှိသော ရဟန်းအပေါင်းတို့ကို တပည့်တော်မ ပင့်ဖိတ်ပါ၏။ ဤပန်း အမှတ်သညာဖြင့် သိစေတော်မူအပ်ပါသတည်း” ဟုဆိုပြီး မြတ်လေးပန်းရှစ်ဆုပ်ကို ကောင်းကင်သို့ပစ်မြှောက်၍ ဖြန့်ကြဲလိုက်လေသည်။ ထိုပန်းတို့သည် ကောင်းကင်တွင်သွား၍ ဇေတဝန်ကျောင်းတော်၌ ပရိသတ်လေးပါးအား တရားတော်ဟောကြားနေသည့် ဘုရားရှင်၏ အထက်တွင် ပန်းများသည် မျက်နှာကြက်အဖြစ် ရပ်တည်နေလေသည်။
ဘုရားရှင် တရားဟောပြီးသောအခါ အနာထပိဏ် သူဌေးကြီးသည် ဘုရားရှင်အား သူ့အိမ်သို့ မနက်ဖြန် ဆွမ်းခံကြွရောက်ရန် ပင့်ဖိတ်လေသည်။ ဘုရားရှင်သည် “သူဌေးကြီး ငါဘုရားအား ဆွမ်းပင့်ဖိတ်သူရှိပြီး ဖြစ်သည်။ သည်းခံတော်မူရန်” မိန့်တော်မူလေသည်။ ထိုအခါ သူဌေးကြီးက ဘုရားရှင်အား “သူ့ထက်စော၍ ပထမဆုံးပင့်ဖိတ်သူမရှိပါ။ ဘယ်သူပင့်ဖိတ်သူဖြစ်ပါသနည်း”ဟု မေးလျှောက်လေသည်။ ဘုရားရှင်က “သူဌေးကြီး စူဠသုဘဒ္ဒါက ပင့်ဖိတ်ပြီးလေပြီ” ဟု မိန့်တော်မူသည်။ “စူဠသုဘဒ္ဒါသည် ဥဂ္ဂမြို့၌နေပါ၏” ဟု အနာထပိဏ်သူဌေးကြီးက လျှောက်ထားသော် ဘုရားရှင်က “အရပ်ဝေးနေသော်လည်း သူတော်ကောင်းတို့သည် ငါ့ရှေ့၌နေသကဲ့သို ထင်ရှားရှိပါကုန် ၏” ဟု မိန့်တော်မူသည်။
(ဆက်လက်ဖော်ပြပါမည်)