ဘိုဂိုတာ ဇန်နဝါရီ ၂၇
ကိုလံဘီယာနိုင်ငံနှင့် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများအကြား စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပြီးနောက် ကိုလံဘီယာနိုင်ငံက အမေရိကန်နိုင်ငံမှ ပြန်လည်စေလွှတ်မည့် ရွှေ့ပြောင်းအခြေချသူ ကိုလံဘီယာ နိုင်ငံသားများအား နိုင်ငံအတွင်း ပြန်လည်လက်ခံမည်ဟု သဘောတူခဲ့ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းအရ သိရသည်။
အပြန်အလှန်အနေဖြင့် အမေရိကန်နိုင်ငံကလည်း ကိုလံဘီယာနိုင်ငံအပေါ် အခွန်စည်းကြပ်ရန်နှင့် ပိတ်ဆို့အရေးယူရန် ကိစ္စရပ်များကို ဆိုင်းငံ့မည်ဖြစ်သည်။ အမေရိကန်သမ္မတထရမ့်က ကိုလံဘီယာမှ အမေရိကန်နိုင်ငံသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းအခြေချသူ ကိုလံဘီယာနိုင်ငံသားများအား စစ်လေယာဉ်များဖြင့် နေရင်းနိုင်ငံသို့ ပြန်ပို့ခဲ့ရာတွင် ကိုလံဘီယာနိုင်ငံက လက်မခံသဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုများဖြစ်ပွားခဲ့ပြီး ကုန်သွယ်ခွန်များအပြန်အလှန် တိုးမြှင့်ကောက်ခံရေးဆောင်ရွက်ခဲ့သည်။
မကြာမီကာလတွင် ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီး လူးဝစ်ဂီဗာတိုမူရီလိုနှင့် တာဝန်ရှိသူများသည် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ နေရပ်ပြန်မည့် ကိုလံဘီယာနိုင်ငံသားများအား သမ္မတ၏ လေယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်မည်ဟု သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ