ဘေရွတ် ဇန်နဝါရီ ၂၇

 

လက်ဘနွန်နိုင်ငံတောင်ပိုင်းသို့ ပြန်လာသည့်လက်ဘနွန်ဒေသခံများအား အစ္စရေးတပ်မတော်က တိုက်ခိုက်ခဲ့ရာ အမျိုးသမီးခြောက်ဦးအပါအဝင် ဒေသခံ ၂၂ဦးသေဆုံးပြီး ၁၂၄ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင်ပြောကြားသည်။

 

ဒဏ်ရာရရှိသူများထဲတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆေးဝန်ထမ်းတစ်ဦး ပါဝင်ကြောင်း အဆိုပါဝန်ကြီးဌာနက ထပ်လောင်း ပြောကြားသည်။

 

လက်ဘနွန်နိုင်ငံ မယာအယ်လ်ဂျဗားကျေးရွာတွင် စုဝေးနေသည့် အရပ်သားများအား အစ္စရေး တပ်မတော်က တင့်ကားများ၊ မြေတူးစက်များပါဝင်သည့် တပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ နကာယာဒေသရှိ ကုလသမဂ္ဂယာယီတပ်ဖွဲ့ဌာနချုပ် အဝင်လမ်းကိုလည်း အစ္စရေးတပ်မတော်က ပိတ်ထားခဲ့ပြီး ပစ်ခတ်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၆ ရက်သည် အစ္စရေးတပ်မတော် တပ်ဖွဲ့များ လက်ဘနွန်နိုင်ငံနယ်နိမိတ်မှ ထွက်ခွာရမည့် နောက်ဆုံးရက်ဖြစ်သည်။

 

ယမန်နှစ် နိုဝင်ဘာလအတွင်းက အစ္စရေးနှင့်လက်ဘနွန်ဟဇ်ဘိုလာအဖွဲ့တို့အကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့သော်လည်း အစ္စရေးတပ်မတော်က လက်ဘနွန်နိုင်ငံအတွင်း တိုက်ခိုက်မှုများ ထပ်မံဆောင်ရွက်သောကြောင့် ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ