ဂါဇာ ဇန်နဝါရီ ၂၇

 

၁၅ လအကြာ ဘေးလွတ်ရာတိမ်းရှောင်ပြီးနောက် ပါလက်စတိုင်းလူမျိုး သောင်းနှင့်ချီမှာ ဂါဇာမြို့ရှိ ၎င်းတို့၏ နေအိမ်များနှင့် ဂါဇာမြောက်ပိုင်းဒေသများသို့ ဇန်နဝါရီ ၂၇ ရက်တွင် နေရပ်ပြန်သွားကြပြီ ဖြစ်ကြောင်း သိရသည်။

 

ဟားမားစ်နှင့် အစ္စရေးတို့အကြား ဇန်နဝါရီ ၃၁ ရက်မတိုင်မီ အစ္စရေးဓားစာခံ အာဘဲလ် ရေဟုဒ် နှင့် နောက်ထပ်နှစ်ဦး ပြန်လွှတ်ပေးရေး သဘောတူညီမှုရရှိခဲ့သည်ဟု ကာတာနိုင်ငံက ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာပြီးနောက် ထိုကဲ့သို့ပါလက်စတိုင်းလူမျိုးများ နေရပ်ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ဟားမားစ်တို့က ဖေဖော်ဝါရီ ၁ ရက်တွင် နောက်ထပ်ဓားစာခံသုံးဦး လွှတ်ပေးသွားဖွယ်ရှိသည်။ သဘောတူညီချက်အရ အစ္စရေးသည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းမှစတင်ကာ ဂါဇာ ကမ်းမြောင်မြောက်ပိုင်းသို့ ဒေသခံများ နေရပ်ပြန်ရေးကို ခွင့်ပြုပေးထားသည်။

 

ဟားမားစ်အဖွဲ့သည် ဓားစာခံများလွှတ်ပေးရေး နောက်ထပ်အဆင့်တစ်ခုကို ဆက်လက်လုပ်ဆောင်ရန် လက်ခံသဘောတူညီကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ရုံးက ဇန်နဝါရီ ၂၇ ရက် အစောပိုင်းတွင် ထုတ်ဖော် ပြောကြားသည်။

 

ဆင်ဟွာ