မုံရွာ ဇန်နဝါရီ ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင်သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးကို ဘုမ္မနိုးကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ကီလိုမာလကာသီးနှံအား အစိုဓာတ်ကောင်းစွာရရှိသည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးကြကြောင်း၊ ၇-၈ လသားအရွယ်ရှိ ကိုင်းကူးပျိုးပင်(အကြီး) တစ်ပင်လျှင် ငွေကျပ် ၂၀၀၀၊ ပျိုးပင်(အသေး) တစ်ပင်လျှင် ၁၀၀၀-၁၅၀၀ ကျပ်ဖြင့် ဝယ်ယူ၍ ပင်ခြား၊ တန်းခြား ရှစ်ပေအကွာဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် အပင်ရေ ၃၅၀ ခန့် စိုက်ပျိုးရကြောင်း၊ အသီးကင်းများ စတင်ချိန်တွင် အားဆေး၊ ပိုးသတ်ဆေးနှစ်ကြိမ်ခန့် ဖျန်းပေးရပြီး အသီးကင်းများအနည်းငယ် ကြီးထွားလာပါက စက္ကူအကြည်အိတ်များဖြင့် စွပ်ပေးရကြောင်း၊ ကီလိုမာလကာပင်များ တစ်နှစ်သားအရွယ်ခန့်တွင် အသီးများကို စတင်ခူးဆွတ်နိုင်ပြီး တစ်နှစ်ပတ်လုံးရရှိနိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၅၀ ခန့် ကုန်ကျကြောင်း၊ မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှုအပေါ် မူတည်၍ ကီလိုမာလကာတစ်ပင်သည် တစ်နှစ်လျှင် အလုံးရေ ၁၅၀-၂၀၀ ခန့်ထွက်ရှိပြီး တစ်ဧကလျှင် အလုံးရေ ၄၈၀၀၀-၅၀၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရောင်းချမှုအပြင် ပွဲစားများမှလည်း စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး မုံရွာသစ်သီးဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း