ဘားအံ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်ထောင်စုရန်ပုံငွေဖြင့် ကမော့ကစင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဂဝံမြေခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်၊ ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်နန်းအဲဖောင်အွာ၊ ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကမော့ကစင်ကျေးရွာ၌ အရှည် ၄ ဒသမ ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၃ ပေ ၉ လက်မရှိ ကုန်ထုတ်လမ်း ဂဝံမြေခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်က ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားခဲ့သည်။
အဆိုပါ ကုန်ထုတ်လမ်း ဂဝံမြေခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၆ ဒသမ ၆ သန်း အသုံးပြုကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကော်မတီစုဖွဲ့မှုဖြင့် ၂၀၂၄ ခုနှစ် မေလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသဖြင့် ကမော့ကစင်ကျေးရွာရှိ အိမ်ခြေ ၂၂၅ အိမ်၊ လူဦးရေ ၁၂၀၀ ဦးတို့၏ လယ်ယာမြေဧက ၂၀၀ ကျော်မှထွက်ရှိသည့် ဒေသထွက်ကုန်များ ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်နန်းအဲဖောင်အွာထံမှ သိရသည်။
ဆက်လူ


