ကျောက်ပန်းတောင်း ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပုံကျေးရွာအုပ်စု၊ ကျောက်ပုံကျေးရွာအနီး၊ ကျောက်ပန်းတောင်း-မိတ္ထီလာသွား ကာလမ်း မိုင်တိုင်(၄၁/၀)တွင် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ကျောက်ပန်းတောင်းမှ နေပြည်တော်သို့ ယာဉ်မောင်း ရဲမင်းစိုး ဘောဂသီရိကားဝန်း၊ နေပြည်တော်နေသူနှင့် ယာဉ်နောက်လိုက် နိုင်မင်းအောင် တွင်းမကျေးရွာ၊ မြိုင်မြို့နယ်နေသူတို့ မောင်းနှင်လာသည့် ခရီသည်(၁၂)ဦးခန့် တင်ဆောင်လာသော ခရီးသည်တင် ဘတ်စ်ကားတစ်စီး နောက်အင်ဂျင်ခန်း အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ လက်ပံပျားနယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီးဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၃)ဦး၊ အရန်တပ်ဖွဲ့ဝင် (၃)ဦးတို့မှ သွားရောက်ကာ မီးငြှိမ်းသတ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၄၄ မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဘတ်စ်ကားမီးလောင်မှုကြောင့် အင်ဂျင်(၁)လုံး၊ ကားတာယာ(၆)လုံး၊ ယာဉ်အမိုး၊ ယာဉ်ပေါ်ပါ ထိုင်ခုံများနှင့် ကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ယာဉ်မောင်းအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)