နေပြည်တော် ဇန်နဝါရီ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး သာကေတ မိကျောင်းမွေးမြူရေးစခန်းတွင် မွေးမြူထားသည့် မိကျောင်းများနှင့် မိကျောင်းသားပေါက်များကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မျိုးသုဉ်းပျောက်ကွယ်တော့မည့် ရေငန်မိကျောင်းများ မျိုးထိန်းသိမ်းခြင်းလုပ်ငန်းများကို အများပြည်သူများ စိတ်ပါဝင်စားပြီး ပူးပေါင်းဆောင်ရွက်လာစေရေး အသိပညာ ဗဟုသုတဖြန့်ဝေခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် စီမံဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ဆုံးရှုံးနိုင်ခြေရှိသည်များကို ကြိုတင်တွက်ဆ၍ အစီအမံများ ကြိုတင်စီမံဆောင်ရွက်ရန်၊ မိကျောင်းကောင်ရေတိုးပွားရေးနှင့် စီးပွားဖြစ်ရောင်းချနိုင်ရေး၊ မျိုးရိုးစဉ်ဆက် မှတ်တမ်းထားရှိ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ရေအရည်အသွေးစစ်ဆေးရေးနှင့် ရေချိုသုတေသနဌာနစု၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ငါး၊ ပုစွန် သားလောင်းငယ်များအတွက် အဓိကအရေးပါသည့် အခြေခံအစာဖြစ်သော သက်ရှိအစာမျိုးထိန်းမွေးမြူခြင်း ဓာတ်ခွဲခန်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြောင်းလဲလျက်ရှိသည့် မြစ်ရေ၊ ချောင်းရေများ၏ ရေအရည်အသွေး ပြောင်းလဲမှုများအား အချိန်နှင့်တစ်ပြေးညီ စစ်ဆေးရန်၊ ငါး၊ ပုစွန် သားလောင်းငယ်များအတွက် အဓိကအရေးပါသော အခြေခံအစာဖြစ်သည့် သက်ရှိအစာမျိုးထိန်း မွေးမြူခြင်းအပြင် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် သာကေတစက်မှုဇုန်ရှိ မြန်မာရွှေဇာမဏီ စက်မှုကုမ္ပဏီလီမိတက်သို့ ရောက်ရှိ၍ ပြည်ပပို့ကုန် ငါးအေးခဲပြုပြင်ထုပ်ပိုးမှု အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး ပို့ကုန်များအား နိုင်ငံတကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးနှင့် ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများဌာနစိတ်သို့ ရောက်ရှိပြီး နိုင်ငံတကာ တရားဝင်အသိအမှတ်ပြု ဓာတ်ခွဲခန်းထောက်ခံချက် (ISO/IEC 17025:2017) လက်မှတ် ဆဌမအကြိမ်ရရှိထားသည့် ပဋိဇီဝဓါတ်ကြွင်းနှင့် ဗိုင်းရပ်ပိုး စစ်ဆေးရေးဓါတ်ခွဲခန်း လုပ်ငန်းများ၊ စစ်ဆေးရေးနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မြန်မာ့မွေးမြူရေး ရေထွက်ကုန်များအတွက် ဓာတုဓာတ်ကြွင်းများ စောင့်ကြည့်စစ်ဆေးမှု အမျိုးသားအဆင့် စီမံချက် (National Residue Monitoring Plan - NRMP)နှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


